
တိုကျိုတွင် အာဖဂန် ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေး ကွန်ဖရင့်ပြုလုပ်ခဲ့ပြီး နိုင်ငံနှင့်အဖွဲ့အစည်း ၈၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ လာမည့် ၁၀ နှစ်အတွင်း အာဖဂန်တွင် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် တစ်နှစ်လျှင် အနည်းဆုံးဒေါ်လာ ခြောက်ဘီလျံခန့် လိုအပ်မည်ဖြစ်ကြောင်း အာဖဂန်ဗဟိုဘဏ်က ခန့်မှန်းခဲ့သည်။ လာမည့်လေးနှစ်အတွက် နိုင်ငံတကာက ကတိပြုခဲ့သော ဒေါ်လာ ၁၆ ဘီလျံထဲတွင် အမေရိကန်၏ အလှူငွေ မပါသေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည်ပအကူအညီပေးမည်ဆိုပါက အမေရိကန်လွှတ်တော်၏ အတည်ပြုချက် လိုအပ်၍ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။ ပြီးခဲ့သောဆယ်စုနှစ်အတွင်း အမေရိကန်သည် အာဖဂန်သို့ အကူအညီဒေါ်လာ ၁၈ ဒသမ ၈ ဘီလျံခန့် ပေးအပ်ခဲ့သည်။ ဟီလာရီက ၂၀၁၇ ခုနှစ်အထိ ယင်းပမာဏနီးပါး အကူအညီပေးနိုင်ရေးအတွက် လွှတ်တော်ထံ တောင်းခံသွားမည်ဟု ပြောကြားခဲ့သည်။
0 comments:
Post a Comment