468x60 Ads

Friday, October 12, 2012

ကမ္ဘောဒီးယားကို လည်း အနိုင်ရခဲ့ပြန်ပါပြီ ..


မြန်မာအသင်းသည်ယခုပွဲတွင်ကစားသမားအချို့ကိုပြောင်းလဲပွဲထုတ်ခဲ့သည်ကိုတွေ့ရသည်။  မြန်မာအသင်းတွင် တိုက်စစ်မှူး ဟူ၍ ကောင်းစည်သူ တစ်ဦးတည်းသာ ရှိရာ ယခုပွဲတွင် ကောင်းစည်သူကို အနားပေး ခဲ့သောကြောင့် မြန်မာအသင်း၏ ပွဲထွက် လူစာရင်းတွင် တိုက်စစ်မှူး တစ်ဦးမျှ ပါဝင်ခြင်း မရှိခဲ့ဘဲ ကြည်လင်းက တိုက်စစ်မှူးအဖြစ် တာဝန်ယူခဲ့သည်ကို တွေ့ရသည်။ ခံစစ်ဘယ်အစွန် ကစားသမား သိန်းသန်းဝင်းကိုကွင်းလယ်ဘယ်တောင်ပံတွင်နေရာပေးခဲ့ပြီးရန်အောင်ကျော်၊ခင်မောင်လွင်၊   ကျော်ဇေယျာဝင်းတို့ဖြင့် ကွင်းလယ်ကို စုဖွဲ့ခဲ့ကာ ဒေးဗစ်ထန်ကို ညာခြမ်းတွင် ပုံမှန်အတိုင်း ပွဲထွက်စေခဲ့သည်။ ခံစစ်ဘယ်အစွန်တွင်ပြည့်ဖြိုးအောင်ကို အသုံးပြုခဲ့သည်မှ လွဲ၍ ရန်အောင်ဝင်း၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း တို့ဖြင့် အမာခံ ခံစစ်အစုအဖွဲ့ကိုပင် အသုံးပြုခဲ့ကာ ဂိုးသမား အဖြစ် သီဟစည်သူကိုပင် အသုံးပြခဲ့သည်။
ပွဲစသည်နှင့် မြန်မာသည် လျှင်လျှင်မြန်မြန် တိုက်စစ်ဆင်ခဲ့ပြီး ဂိုးသွင်းယူ နိုင်ရေးအတွက် အားထုတ်ခဲ့သည်။ ပွဲချိန်(၃)မိနစ်မှာပင် မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ထိုပြစ်ဒဏ်ဘောကို ကျော်ဇေယျာဝင်း ကန်သွင်းရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ မြန်မာ အသင်းသည် ပွဲအစပိုင်းတွင်ဒေးဗစ်ထန်၏ညာခြမ်းမှအဓိကထိုးဖောက်ခဲ့သည်။ဒေးဗစ်ထန်၏  ဖြတ်တင်ဘောများမှာ   ကောင်းမွန် ခဲ့သော်လည်း တိုက်စစ်ကစားသမားများ ဖြစ်သည့် ကြည်လင်းနှင့် ကျော်ဇေယျာဝင်းတို့ အသုံးမချနိုင်ခဲ့ပေ။ ပွဲချိန်(၁၇)မိနစ်တွင် ဒေးဗစ်ထန်၏ ဧရိယာအပြင်မှ အမြောက်ကျော်ကန်ချက်မှ လှပသော်လည်း ဂိုးဘားကို ထိခဲ့သောကြောင့် မြန်မာအသင်းအတွက် အပိုင်ဂိုးတစ်ဂိုး နစ်နာခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ကြည်လင်းနှင့် ကျော်ဇေယျာဝင်း အပေးအယူလုပ်ပြီး ကြည်လင်း ခင်းပေးရာမှ ကျော်ဇေယျာဝင်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရသော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည်။ ပွဲချိန်(၂၃)မိနစ်ခန့်တွင် မြန်မာအသင်း ထောင့်ကန်ဘော (၃)ကြိမ်ဆက် ရရှိခဲ့သော်လည်း အချည်းအနှီး ဖြစ်ခဲ့ရသည်။ ထို့အတူ ကျော်ဇေယျာဝင်း၏ ဧရိယာ အပြင်မှ ကန်ချက်မှာလည်း လွဲချော်ခဲ့ပြန်သည်။ မြန်မာအသင်းသည် ပထမပိုင်း တစ်လျှောက်လုံး တရစပ် တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အပိုင်အခွင့်အရေး ဖန်တီးနိုင်မှု နည်းပါးခဲ့သည်။ ရရှိခဲ့သည့် အခွင့်အရေးများမှာလည်း အံ့အားသင့်ဖွယ့် လွဲချော်ခဲ့သောကြောင့် ဂိုးရရှိရေး ရုန်းကန်နေခဲ့ရခြင်း ဖြစ်သည်။
ဂိုးရရှိရန် လိုအပ်နေသည့် မြန်မာအသင်းသည် ဒုတိယပိုင်းစသည်နှင့် တရစပ် တိုက်စစ်ဆင်ကာ အနိုင်ဂိုး ရရှိရေးအတွက် အပြင်းအထန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ပွဲချိန်(၄၆) မိနစ်တွင် ခင်မောင်လွင် ကန်ခွင့်ရခဲ့ပြီး ထိုကန်ချက်မှာ ဂိုးဘေး ကပ်ထွက်သွားခဲ့ သောကြောင့် မြန်မာတို့ အခွင့်အရေးတစ်ရပ် ဆုံးရှုံးခဲ့ရသည်။ မိနစ်(၅၀)တွင် ညာခြမ်းမှ ဒေးဗစ်ထန်၏ဖြတ်တင်ပေးပို့မှုမှ တဆင့် ကြည်လင်း လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရသော်လည်း ၎င်း၏တိုက်ချက်မှာ ဂိုးဘေးထွက် သွားခဲ့သည်။ ညာနောက်ခံအဖြစ် တောက်လျှောက် ပွဲထွက်ခဲ့သည့် ရန်အောင်ဝင်း ဒဏ်ရာရရှိ သွားခဲ့သောကြောင့် နည်းပြချုပ် ပတ်ဆောင်ဟွာက သက်နိုင်ကို ၀င်ရောက် ကစားစေခဲ့သည်။ ပွဲချိန်(၅၄)မိနစ်တွင် ကမ္ဘောဒီးယားတို့ ဂိုးရရန် နီးစပ်ခဲ့သေးသည်။ ညာခြမ်းမှ ချင်၏ ပြစ်ဒဏ်ဘောကို မြန်မာနောက်ခံလူများ ကြားမှ အူဒွန် အပိုင်ခေါင်းတိုက် ခဲ့သော်လည်း တိုက်ချက် မသပ်ရပ်ခဲ့သောကြောင့်သာ မြန်မာတို့ သက်သာရာ ရခဲ့ခြင်း ဖြစ်သည်။ ဂိုးကံခေနေခဲ့သည့် မြန်မာအသင်းသည် ပွဲချိန်(၅၉)မိနစ်တွင် အဖွင့်ဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ဒေးဗစ်ထန်၏ ဖြတ်တင်ဘောမှ ကြည်လင်းက သပ်သပ်ရပ်ရပ် ခေါင်းတိုက်သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ (၆၄)မိနစ်တွင် ကောင်းစည်သူ ဖြတ်ထိုးပေးရာမှ ကြည်လင်း ပြေးပိတ်ရန် ကြိုးပမ်းသော်လည်း နောက်ခံလူ ဦးသွားခဲ့သည်။ ပွဲချိန်(၆၁)မိနစ်တွင် ခြေစွမ်းအနည်းငယ် ကျဆင်းနေသည့် ကျော်ဇေယျာဝင်းကို တိုက်စစ်မှူး ကောင်းစည်သူနှင့် လူစားလဲမှု ပြုလုပ်ခဲ့သည်။ တိုက်စစ်မှူးစစ်စစ်ဖြစ်သည့် ကောင်းစည်သူ ၀င်ရောက် လာသည့်အတွက် တိုက်စစ်နေရာမှ ကြည်လင်းမှာ နောက်ချန်တိုက်စစ် အဖြစ် ပြောင်းလဲကစား ခဲ့သောကြောင့် ကြည်လင်းမှာ ပိုမိုခြေစွမ်းပြလာ နိုင်သည့်အပြင် မြန်မာအသင်း၏ တိုက်စစ်မှာလည်း ပိုမိုကောင်းမွန် လာခဲ့သည်။ ဂိုးပေါက်ပွင့်သွားပြီ ဖြစ်သည့်ုမြန်မာအသင်းသည် ပွဲချိန်(၆၅)မိနစ်တွင် ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ လူစားဝင် တိုက်စစ်မှူး ကောင်းစည်သူကတိုက်စစ်သို့ လိုက်ပါလာသည့် နောက်ခံလူ ဇော်မင်းထွန်း၏ ဖြတ်ထိုးပေးမှုမှ ပြေးဝင်လာပြီး တစ်ချက်ထိန်းကာ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ (၆၉)မိနစ်တွင် ရန်အောင်ကျော် တစ်ကိုယ်တော် အစွမ်းဖြင့် လိမ်ခေါက်ကန်သွင်းမှု ကောင်းမွန်သော်လည်း ဂိုးသမား ကာကွယ် သွားခဲ့သည်။ ပွဲချိန်(၇၇)မိနစ်တွင် ကွင်းလယ်မှ ထိုးပေးလိုက်သည်ကို ကြည်လင်း တစ်ဖက်ဂိုးသမားကို လိမ်ခေါက်ပြီး လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းသော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည်။ (၈၅)မိနစ်တွင် ခြေစွမ်းပြနေသည့် ကြည်လင်းနေရာတွင် ရာဇာဝင်းသိန်း ၀င်ရောက် ကစားခဲ့သည်။ ပွဲချိန်(၈၆)မိနစ်တွင် ဒေးဗစ်ထန်-ရာဇာဝင်းသိန်း တွဲလုံးမှ ကောင်းစည်သူ အခွင့်အရေး ရခဲ့သော်လည်း ဂိုးသမား လက်ဦးခဲ့သည်။ ပွဲချိန် (၉၁)မိနစ်တွင် မြန်မာတို့ ပွဲသိမ်းဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ဘယ်နောက်ခံအဖြစ် ယခုပွဲတွင်မှ ပွဲထွက်လာခဲ့သည့် ပြည့်ဖြိုးအောင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်း ဖြစ်သည်။
့မြန်မာအသင်းသည် ယခုပွဲ အနိုင်ရခဲ့ခြင်းကြောင့် ရမှတ်(၉)မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့သည်။ အောက်တိုဘာ (၁၃)ရက်တွင် ကစားရမည့် လာအိုနှင့် ပွဲတွင် (၁)မှတ်ရရှိရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။


0 comments:

Post a Comment