468x60 Ads

Tuesday, July 24, 2012

ဂီတအစည်းအရုံးသစ် ပြန်လည်ရွေးချယ်မည့် အပေါ် ဂီတလောကသား အချို့၏ သဘောထား အမြင်များ

e5164အစိုးရသစ် ပြောင်းလဲပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာလောကသားများ ကိုယ်တိုင်ပါဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းသစ်များ ပေါ်ထွက်လာစေရန် ကြိုးပမ်းခဲ့ရာ၌ ရုပ်ရှင်လောကသားများ ကိုယ်တိုင်ရွေးချယ် တင်မြှောက်သည့် ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ပြန်လည်ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ ဒုတိယမြောက် လှုပ်ရှားမှုအဖြစ် ဂီတအစည်းအရုံး ပြန်လည်ရွေးချယ်တင်မြှောက်ရန် စီစဉ်ရာ၌ လူငယ်ဂီတသမားများ ပါဝင်ခွင့်ရရှိရန်  အတွက် ခေတ်သစ်အလွှာတစ်ခုအဖြစ် ထပ်မံဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ကြသည်။ ယခုအခါ ပြည်သူ့လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ခေတ်သစ်အလွှာတစ်ခု ဖွဲ့စည်းခွင့်ရရှိပြီးနောက် ဇူလိုင်လအတွင်း ပြုလုပ်မည့် ဂီတအစည်းအရုံး ပြန်လည်ရွေးကောက် တင်မြှောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မည့်သူများ၊ မိမိဆန္ဒအလျောက် မဲပေးမည့်သူများ စသည်ဖြင့် ပြင်ဆင်နေကြပြီဖြစ်သည်။ ဂီတလောကအတွက် ခြေလှမ်းသစ် တစ်ခုဟု ဆိုနိုင်မည့် အဆိုပါ ရွေးကောက်တင်မြှောက်ပွဲနှင့် ပတ်သက်၍ ဂီတအလွှာစုံမှ အနုပညာရှင်များအား တွေ့ဆုံမေးမြန်း ဖော်ပြပေးဖြစ်ပါသည်။

ဂျေမီ
ဂီတအစည်းအရုံးရွေးကောက် ပွဲအတွက် အစည်းအဝေး စလုပ်တုန်းက အရွေးခံမယ့်သူက မရှိဘူးဖြစ်နေတယ်။ အငယ်ထဲမှာ ၀င်ရွေးခံမယ့် သူမရှိဘူး၊ ကိုRခိုင်တို့ကလည်း မင်းလုပ်သင့်တယ်လို့ ပြောကြတယ်၊ အားလုံးကလည်း သဘောတူကြတာနဲ့ ၀င်ဖြစ်သွားတာ။ ဂီတအစည်းအရုံး အဖွဲ့သစ်ဖွဲ့ဖြစ်ပြီ ဆိုရင်တော့ ကောင်းမှာပါ။ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ကတော့ fight  သင့်တာကို fight  ရမှာပါပဲ။ ရွေးကောက်ပွဲအတွက်တော့ ကြိုတင်ပြင်ဆင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့်အရင်လိုတော့ ပစ်စလတ်ခတ် နေလို့မရတော့ ဘူးပေါ့။ ကိုယ်က တာဝန်တစ်ခုရှိလာ တဲ့ သဘောမျိုး ဖြစ်လာမှာကိုး။

ရန်ရန်ချမ်း
တာဝန်က ကျွန်တော်တို့ ပခုံးပေါ် ရောက်လာတာပေါ့လေ။ လုပ်သင့်ပြီ ထင်လို့လုပ်ဖြစ်တာပါ။ ပြင်ဆင်မှုတွေတော့ လုပ်ရဦးမှာပါ။ အချိန်ကလည်း အရမ်းကပ်မှသိရသလို ကျွန်တော်က ကြားထဲမှာလည်း ဇနီးက ကလေးမွေးတာဆိုတော့ အလုပ်တွေများနေတာနဲ့ နောက်ကနေပဲ ကူညီ ပေးနိုင်တယ်။ ရှေ့ကနေအလုပ်တွေ အများကြီး မလုပ်နိုင်ဘူး ဖြစ်နေတယ်။ သူငယ်ချင်းတွေ အများကြီး ကူညီပေး ကြပါတယ်။ သူတို့တည်ပေးတဲ့ ဘောလုံးကို ကျွန်တော်တို့ ဂိုးသွင်းရမှာပေါ့။ အခုချိန်မှာ ကျွန်တော်ပြောချင် တာကတော့ ရှေ့မှာရှိနေတဲ့ လူကြီး တွေအနေနဲ့လည်း ကျွန်တော်တို့ကို တွဲခေါ်ပေးပါ။ ကျွန်တော့်သူငယ်ချင်း တွေကလည်း ကျွန်တော်တို့မသိတာ မတတ်တာတွေကို ထောက်ပြဝေဖန် ပေးကြပါ။ ကျွန်တော့်ကို လူကြီး အရာသွင်းလာပြီပေါ့။ အဲဒီလိုလည်း ခံစားမိပါတယ်။
 
တေးရေးမေသော်
ဂီတလောကအတွက် တတ်နိုင်တာလေးတွေ၊ လုပ်နိုင်တာလေးတွေ လုပ်ဖြစ်မှာပါ။ ဖြစ်နိုင်ရင်တော့ နောက်ကွယ်ကပဲ လုပ်ပေးချင်ပါတယ်။ အခုလိုဝင်ပြိုင်ရမယ်ဆိုတာ ကလည်း နာမည်ကြေညာမှပဲ သိလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် ဂီတလောက အတွက် တတ်နိုင်သလောက် လုပ်ခွင့်ရမှာ ဖြစ်တာကြောင့် ကြိုးစားပြီးလုပ် ပေးချင်ပါတယ်။ ဂီတလောကအတွက် အခုလို ရွေးကောက်ပွဲတစ်ခု လုပ်နိုင်တာက အကောင်းဆုံးတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဘယ်နေ ရာမဆိုလိုအပ်ချက်လေးတွေတော့ ရှိတတ်ပါတယ်။ အဲဒီလိုအခက်အခဲတွေ ရှိလာတဲ့အခါမှာလည်း ဂီတ လောကသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သားစိုး
ပထမတော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ကိုယ့်ဂီတလောကအတွက် အထူးသဖြင့်တော့ မျိုးဆက်သစ်တွေအတွက် ၀င်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တုန်းကတော့ တော်တော်လေးကို ခံစားခဲ့ရပါတယ်။ ရောသမမွှေ အပါအ၀င် ပေါက်ခွေတွေ အများကြီး ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပိုက်ဆံကသိန်း ၁၀၀ ပြည့်အောင်တောင် မကိုင်ခဲ့ဖူးပါဘူး။ အနာဂတ်မှာ အဆိုတော်ဖြစ်လာမယ့် မျိုးဆက်သစ်တွေ ကျွန်တော်တို့လိုမခံရအောင် လုပ်ပေးချင်တာပါ။ အဓိကတော့ ဂီတလောကရဲ့ကောင်းကျိုးကို လုပ်ပေးချင်လို့ပါ။ ကိုယ်တိုင်လည်း မတရားမှုတွေ၊ မကျေနပ်မှုတွေနဲ့မြိုသိပ်ထားရတာ များပြီ။ လုပ်ခွင့်ရတဲ့ အချိန်မှာဝင်ပြီး ကူညီလုပ်ကိုင်ပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့မှာဂီတ လောကကောင်းကျိုးအတွက်တုတ်ရ ဖို့လိုအပ်ပါတယ်။ တုတ်ရမှရိုက်နိုင်မှာပါ။ အခုတော့နီးစပ်နေပြီလို့ဆို နိုင်ပါတယ်။ တကယ်တမ်း လုပ်ပိုင်ခွင့်ရပြီဆိုတော့ ခိုးကူးကိစ္စကိုအရင် ဆုံးဖြေရှင်းဖို့လိုအပ်ပါတယ်။ လွှတ် တော်နဲ့ကိုဖြေရှင်းရမယ့်ကိစ္စပါ။ ခိုးကူးသမားတစ်ယောက်ကို ချမှတ်ထားတဲ့ ဥပဒေကနည်းလွန်းပါတယ်။ ဂီတလောကနဲ့ ပတ်သက်တဲ့ ဥပဒေ မှာ အားနည်းချက်တွေရှိနေပါတယ်။ ဒါကို ပြန်လည်ပြင်ဆင်နိုင်ဖို့ဆိုရင် ခေတ်သစ်အလွှာရမှ ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ပြောရေးဆိုခွင့်ဆိုတဲ့ တုတ်မရှိရင် ဘာမှလုပ်လို့မရပါဘူး။ အဲဒါရရှိအောင် အရင်ကြိုး စားနေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော် ၀င်ပြိုင်ဖြစ်တာက အာဏာတွေပါဝါ တွေလိုချင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ထက် လုပ်နိုင်တဲ့သူ ရှိရင်လည်း ကျွန်တော့်နေရာကို အချိန်မရွေးဖယ် ပေးမှာပါ။


ကိုကြီးကျော်
ကျွန်တော်တို့ အသစ်ဖွဲ့စည်းမယ့် ဂီတအစည်းအရုံးမှာ ပါဝင် ရွေးချယ်ခံဖြစ်တဲ့ ရည်ရွယ်ချက်က ၁၄ နှစ်လုံးလုံးရှိခဲ့တဲ့ ဂီတအစည်းအရုံး က workdone တစ်ခုမဖြစ်ခဲ့ဘူး။ သူတို့ လုပ်ဆောင်ခဲ့တာတွေ အပေါ် အားမရဘူး။ ဘယ်သူတစ်ဦးတစ်ယောက် အပေါ်မှာမှ ပုံချတာမျိုးတော့မဟုတ် ပါဘူး။ အားနည်းတဲ့နေရာကိုအား ၀င်ဖြည့်ကူညီတဲ့ သဘောမျိုးပါ။ ဂီတ အစည်းအရုံးသည် ဂီတလောကသား တွေနဲ့ နှီးနွယ်ဆက်စပ်ခြင်းမျိုး အားနည်းသလို ယုံကြည်အားကိုးမှုအပိုင်းမှာလည်း အားနည်းနေခဲ့တယ်။ ကိုယ့်ကိုကိုယ်စားပြု ရပ်တည်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းလို့လည်း ပြောဖို့ ခက်တယ်။ တကယ်တမ်း ဖွဲ့စည်းပြီး သွားတဲ့အချိန်ကျရင်တော့ တရားမ၀င် ခိုးကူးခွေကိစ္စ၊ မူပိုင်ခွင့်တိတိကျကျ နားမလည်တာတွေကို နားလည်အောင်၊ မူပိုင်ခွင့်နဲ့ပတ်သက်လို့ အတိုင်းအတာ တစ်ခုထိ နားမလည်တဲ့ အခြေအနေ မျိုးကနေ ထိထိရောက်ရောက် စနစ်တစ်ခု ကောင်းကောင်းမွန်မွန် ပေါ်ပေါက်လာအောင် ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ သီချင်းတွေကို နားထောင်တဲ့ပရိသတ်တွေကိုလည်း မူပိုင်ခွင့်နဲ့ပတ်သက်လို့ သေချာသဘောပေါက် နားလည်အောင် ဆောင်ရွက် ပေးသွားဖို့ရှိပါတယ်။

ကျော်ဇေယျ (pro)
ကျွန်တော် ဂီတအစည်းအရုံးရဲ့ ပထမအဖွဲ့အစည်းမှာလည်း အမှုဆောင် တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ဖူးပါ တယ်။ လုပ်ခဲ့တာ ခြောက်နှစ်ခွဲ လောက်ရှိခဲ့ပြီပေါ့။ အခုတစ်ခေါက် ပြန်ရွေးကြမယ်ဆိုတော့ ကျွန်တော် တကယ်တမ်း ပြန်အရွေးမခံချင်တော့ ပါဘူး။ ဒါပေမယ့် ဂီတလောကသား အချင်းချင်းကလည်း တိုက်တွန်းကြ တာနဲ့ပါဖို့ ဆုံးဖြတ်ဖြစ်သွားတာပါ။ အခုတစ်ခေါက် ပြန်လည်ဖွဲ့စည်းရာ မှာတော့ သေသေချာချာပွင့်ပွင့်လင်း လင်းဖြစ်ဖို့ လိုအပ်မယ်ထင်ပါတယ်။ အရင်တုန်းကတည်းကလည်း ကျွန်တော်တို့ လုပ်ချင်ခဲ့တာတွေကို လုပ် ခွင့်မရတာတွေရှိပါတယ်။ အခုတစ် ခေါက်မှာလည်း ကျွန်တော်ရည်မှန်းထားတဲ့ အနေအထားတစ်ခုကို မရောက်ဘူးဆိုရင်တော့ နုတ်ထွက်မယ်လို့ကြေ ညာထားပြီးသားပါ။ အခုတစ်ခေါက် ရွေးကောက်ခံမယ့် အနုပညာရှင်တွေအနေနဲ့ ကိုယ်ကျိုးမဖက် ဆောင်ရွက် ကြမယ့်သူတွေလေ။ ဒါကြောင့် ဂီတ လောကက အတိုင်းအတာတစ်ခုထိ ပြောင်းလဲသွားမယ်လို့ ယုံကြည်ပါတယ်။ တကယ်တမ်းလုပ်ခွင့်ရပြီဆို ရင်တော့ copyright ၊ စည်းမျဉ်း၊ ရပိုင်ခွင့်တွေ သေချာပြန်သတ်မှတ်ဖို့ လိုပါတယ်။ ခင်ရာမင်ရာစနစ်တွေ လုပ်ကြတဲ့စနစ်တွေကို ပြန်ပြင်ကြရပါလိမ့်မယ်။ ဘယ်လောက် တာဝန်ယူမလဲ ဆိုတာ သတ်မှတ်ရပါမယ်။

တေးရေးမြင့်မိုးအောင်
ရွေးကောက်ပွဲက တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲ ပုံသဏ္ဌာန်မျိုးရှိ လာလို့ရှိရင် ၀င်ပြီးပြိုင်မယ်လို့ စိတ်ကူးထားပါတယ်။ အခုလက်ရှိမှာတော့ ကြီးကြပ်ကော်မရှင်က ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး အဆို ပြုလွှာသွင်းခိုင်းတာကို မတင်လို့ဆိုပြီး ပိတ်ထားတယ်။ အဲဒီအခြေအနေကို စောင့်ကြည့်နေရပါတယ်။

ကိုအောင်နိုင်စန်း
ရွေးကောက်ပွဲကတော့ အားနည်းချက်လေးတွေ ရှိဦးမှာဖြစ်ပေမယ့် အရင်ထက်စာရင်တော့ ဂီတ လောကအများကြီး ပိုကောင်းလာနိုင်ပါတယ်။ ဂီတလောကအပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။                       

0 comments:

Post a Comment