468x60 Ads

Thursday, October 25, 2012

လက်ရှိ ချန်ပီယံ ရှုံးပွဲကြုံပြီး မန်ယူ၊ ဘာစီလိုနာတို့ အရှုံးမှ အနိုင် ရခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များ

ရှက်တာဒိုးနက်ခ် ၂ - ၁ ချယ်လ်ဆီး
ယူကရိန်းကလပ် ရှက်တာအသင်းသည် ချယ်လ်ဆီးအား အိမ်ကွင်းတွင် လက်ခံကစားပြီး အနိုင်ရရှိခဲ့သည်။ ရှက်တာအသင်းတွင် လူးဝစ်ဇ် အက်ဒရီယာနို၊ ဝီလျံ၊ အဲလက်စ် တက္ကဆီရာ၊ ရက်ဇ်ဗန်ရက်၊ ဖာနန်ဒင်ဟို၊ ဒါရီဂျိုဆာနာ အစရှိသည့် ကစားသမားများ ပါဝင်ခဲ့သည်။ ချယ်လ်ဆီးတွင်မူ ပြည်တွင်း၌ ပွဲပယ်ခံထားရသည့် ဂျွန်တယ်ရီ ပြန်လည် ကစားကာ ဖာနန်ဒိုတောရက်စ်၊ ဟွမ်မာတာ၊ အော်စကာ၊ ဖရန့်ခ်လမ်းပတ်၊ ရာမီရက်စ်၊ ဒေးဗစ်လုဇ် အစရှိသည့် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာသည်။

ပွဲအစ (၃)မိနစ်ကတည်းက ချယ်လ်ဆီးတို့ ဦးဆောင်ဂိုး ပေးခဲ့ရသည်။ လက်ပစ်ဘောမှ ပစ်ပေးလိုက်သည့် ဘောလုံးကို အက်ဒရီယာနိုက လက်ခံယူကာ ချယ်လ်ဆီးနောက်တန်းကို လှည့်ထွက်ပြီး ခင်းပေးလိုက်ရာ တက္ကဆီရာက ကန်သွင်းသွားခြင်း ဖြစ်သည်။ ပွဲချိန် (၁၈)မိနစ်တွင် ဒဏ်ရာရသွားသည့် လမ်းပတ်နေရာ အီဒင်ဟာဇက် ဝင်ရောက် ကစားခဲ့သည်။ ဒုတိယပိုင်း (၅၂)မိနစ်တွင် ဖာနန်ဒင်ဟိုက အိမ်ရှင်တို့အတွက် ဒုတိယ ဦးဆောင်ဂိုး ရယူပေးခဲ့သည်။ ဟာဇက်ထံမှ ဆုံးရှုံးသွားသည့် ဘောလုံးမှတစ်ဆင့် ရှက်တာက တန်ပြန်တိုက်စစ် ဆင်လာပြီး အက်ဒရီယာနိုပင် ပေးပို့လိုက်သည်ကို ဖာနန်ဒင်ဟိုက ထောင့်ဖြတ် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးအတွက် တစ်လုံးတည်းသော ချေပဂိုးကို (၈၈)မိနစ်တွင် အော်စကာက ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ် ဖြတ်ပို့သည်ကို အနီးကပ် လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူသွားခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် ၃ - ၂ စပို့တင်း ဘရာဂါ
ပေါ်တူဂီကလပ် ဘရာဂါ၏ စောစောစီးစီး နှစ်ဂိုးပြတ် ဦးဆောင်မှုနှင့် ကြုံတွေ့ခဲ့ရသော်လည်း အကောင်းဆုံး ပုံစံဖြင့် ပြန်လာနိုင်သည့် မန်ယူအသင်း အိမ်ကွင်းတွင် (၃)မှတ်အပြည့် ရယူနိုင်ခဲ့သည်။ မန်ယူတွင် စိန်ပွင့်ပုံ ကစားကွက်ကို အသုံးပြုကာ ရော်ဘင်ဗန်ပါစီ၊ ဟာဗီးယား ဟာနန်ဒက်ဇ်၊ ဝိန်းရွန်နီ၊ တွမ်ကလီဗာလေ၊ ရှင်ဂျီကာဂါဝါ၊ မိုက်ကယ်ကာရစ်၊ ဂျွန်နီအီဗန်စ်၊ အလက်ဇန္ဒား ဘတ္တနာ၊ ရာဖေးလ် ဒါဆေးလ်ဗား အစရှိသည့် ကစားသမားများ ပါဝင်ခဲ့ကာ ကာရစ် နောက်တန်းတွင် ဆင်းကစားခဲ့ရသည်။ ဘရာဂါတွင်မူ အီဒါ၊ အလန်၊ ဟူဂိုဗီယာနာ၊ အယ်လ်ဒါဆန်၊ ပေါ်လို ဗူနီစီရက်စ် အစရှိသည့် ကစားသမားများ ပွဲထွက်လာသည်။ 
        ပွဲအစ (၂)မိနစ် ကတည်းက ဟူဂိုဗီယာနာ ခုတ်တင်ပေးလိုက်သော ဘောလုံးကို အလန်က ကလီဗာလေအား ဖိအားပေး ခေါင်းတိုက်ပြီး ဂိုးသွင်းယူခဲ့သည်။ မိနစ်(၂၀)တွင် အီဒါက ကာရစ်ကို ကျော်ဖြတ် ဆွဲပြေးပြီး ထိုးပေးလိုက်သည်ကို အလန်ကပင် ထောင့်ကျဉ်းထဲ အနိမ့် ကန်သွင်းကာ ဧည့်သည်တို့ (၂)ဂိုးပြတ် ဦးဆောင်သည်။ သို့သော်လည်း (၅)မိနစ် အကြာတွင် ဗန်ပါစီ ခြေစွမ်းပြပြီး ဘောလုံး လှည့်ထုတ်ရန် ကြိုးစားမှုကို ဘရာဂါ နောက်တန်းမှ ဝင်ဖျက်စဉ် လျှံထွက်လာသော ဘောလုံးအား ကာဂါဝါက အသာအယာ မတင်ပေးလိုက်ပြီး ဟာနန်ဒက်ဇ်က ခေါင်းတိုက်ကာ မန်ယူတို့ ချေပဂိုး စတင် ရရှိသည်။ ဒုတိယပိုင်း (၆၂)မိနစ်တွင် ဗန်ပါစီ ကန်တင်ပေးသော ထောင့်ကန်ဘောအား အီဗန်စ်က နှစ်ဆင့် အားထုတ်ပြီးနောက် ကန်သွင်းပြီး (၂)ဂိုးစီ သရေဖြစ်လာသည်။ မန်ယူအတွက် အနိုင်ဂိုးကို ညာခြမ်းမှ ကလီဗာလေ ကန်တင်ပေးလိုက်ရာ ဟာနန်ဒက်ဇ်ကပင် တိတိကျကျ ခေါင်းတိုက် သွင်းယူသွားခြင်း ဖြစ်သည်။ ယခုပွဲ အနိုင် ရလဒ်ကြောင့် မန်ယူသည် ချန်ပီယံလိဂ် အုပ်စုအဆင့် ရာနှုန်းပြည့် အနိုင် ရလဒ်ဖြင့် ဆက်လက် ချီတက်နိုင်ခဲ့သည်။


ဘာစီလိုနာ ၂ - ၁ ဆဲလ်တစ်
ဆဲလ်တစ်အသင်း၏ မာမာကျောကျော တုံ့ပြန်မှုကြောင့် အိမ်ကွင်းတွင် အခက်တွေ့ခဲ့ရသေးသော်လည်း ဘာစီလိုနာသည် နောက်ဆုံးမိနစ် သွင်းဂိုးကြောင့် အုပ်စုတွင်း ရာနှုန်းပြည့် အနိုင်ရလဒ်ကို ဆက်လက် ပိုင်ဆိုင်လာခဲ့သည်။ ဘာစီလိုနာတွင် အလက်ဆစ်ဆန်းချက်ဇ်၊ လီယွန်နယ်လ် မက်ဆီ၊ ပက်ဒရို ရိုဒရီဂွတ်ဇ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ရှာဗီဟာနန်ဒက်ဇ်၊ ဂျော်ဒီအယ်လ်ဘာ၊ ဟာဗီးယား မာရှေယာနို၊ မာ့ခ်ဘာတာ အစရှိသည့် ကစားသမားများ ပွဲထွက်လာသည်။ ဆဲလ်တစ်ဘက်တွင် ဂယ်ရီဟူပါ၊ ချားလ်စ်မယ်လ်ဂရူ၊ စကော့ဘရောင်း၊ ဂျော်ဂျီရော့စ် ဆမာရက်စ်၊ ကယ်လ်ဗင်ဝီလ်ဆင်၊ အီဖီ အမ်ဘရိုစီ အစရှိသည့် ကစားသမားများ ပါဝင် ကစားသွားသည်။
            ပွဲချိန် (၁၈)မိနစ်တွင် မယ်လ်ဂရူ ကန်တင်ပေးလိုက်သော ဘောလုံးကို ဆမာရက်စ်က ခေါင်းတိုက်ရာ မာရှေယာနိုနှင့် ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားသည့်အတွက် ဧည့်သည်အသင်း ဦးဆောင်ဂိုး စတင် ရရှိသွားသည်။ ပထမပိုင်း ပြီးခါနီးတွင် ဘာစီလိုနာ၏ လှပသေသပ်သော မြန်နှုန်းမြင့် အနီးပေး ကစားကွက်ဖြင့် အပေးအယူလုပ်ပြီး ရှာဗီ ဖန်တီးပေးသည်ကို အင်နီယေစတာက လျှောထိုး ကန်သွင်းကာ ဘာစီလိုနာတို့ ချေပဂိုး ပြန်လည် ရရှိသည်။ ဘာစီလိုနာအတွက် အနိုင်ဂိုးကို ပွဲသိမ်း နောက်ဆုံးမိနစ်ပိုင်းကျမှ အက်ဒရီယာနို ကန်တင်ပေးလိုက်သည့် ဘောလုံးအား အယ်လ်ဘာက အနီးက ဝင်ပိတ်ပြီး သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။

အခြားပွဲ ရလဒ်များ
နော့စ်ဂျေးလန် ၁ - ၁ ဂျူဗင်းတပ်စ်
လိုင်လီ ၀ - ၁ ဘိုင်ယန်မြူးနစ်
BATEဘိုရီဆော့ဗ် ၀ - ၃ ဗလန်စီယာ
စပါးတပ်မော်စကို ၂ - ၁ ဘင်ဖီကာ
ဂါလာတာဆာရေး ၁ - ၁ ကလုဂ်ျ

0 comments:

Post a Comment