468x60 Ads

Tuesday, November 6, 2012

အိန္ဒြာကျော်ဇင် ပြောတဲ့ သူတို့ အိမ်ထောင်ရေးအကြောင်း

ရုပ်ရှင်လောကမှာဆယ့်ငါးနှစ်နီးပါးကြာတဲ့အထိ ထိပ်တန်းမင်းသမီးနေရာတစ်ခုကို ဆုပ်ကိုင်ပိုင်ဆိုင်ထားဆဲ အကယ်ဒမီအိန္ဒြာကျော်ဇင်ဟာ ၂၀၁၁ ခုနှစ်မှာပဲ ၀ါသနာတူ သရုပ်ဆောင်ပြေတီဦးနဲ့ လက်ထပ်ခဲ့ပြီး အခုတော့ သမီးပြေသုဒြာလေးကိုတောင် ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပါတယ်။ အလုပ်တွေ မရပ်မနားလုပ်တာကို သမီးမွေးပြီးတဲ့အခါမှာ လျှော့ချလိုက်ပြီး တစ်လကို သမီးအနားမှာ လတစ်ဝက်နေပြီး ကျန်လ၀က်ကို ကားရိုက်တွေအတွက် အချိန်ပေးထားတဲ့အိန္ဒြာကျော်ဇင်က ၄င်းတို့ဇနီးမောင်နှံ ထူထောင်လုပ်ကိုင်တဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းကြောင့်မြန်မာ့ရုပ်ရှင်နေ့မှာ ချီးမြှင့်တဲ့ ရုပ်ရှင်ဂုဏ်ထူးဆောင်ဆုကိုလည်း မကြာခင်က ရရှိထားပါတယ်။ လူမှုရေးလုပ်ငန်းကို ကိုယ်တိုင်လည်းလုပ်ကိုင်ပြီး တခြားသူတွေလုပ်ကိုင်တာကိုလည်း အားပေးကူညီလှူဒါန်းရာရောက်တဲ့ အလှူတွေကို သမီးပြေသုဒြာ တစ်နှစ်ပြည့်မွေးနေ့အဖြစ် အောက်တိုဘာ ၁၄ ရက်က ပရဟိတလုပ်ငန်းလေးခုမှာ စုစုပေါင်း နှစ်ဆယ့်ငါးသိန်း လှူဒါန်းခဲ့ပါတယ်။ လတ်တလောမှာတော့ အများကစိတ်ဝင်စားနေတဲ့ သူမရဲ့အိမ်ထောင်ရေး သတင်းအပေါ်မှာလည်း မင်းသမီးက ပွင့်ပွင့်လင်းလင်း အေးအေးဆေးဆေး ဖြေကြားပေးထားပါတယ်။

 ပြေသုဒြာရဲ့တစ်နှစ်ပြည့်မွေးနေ့အလှူကို ပရဟိတလုပ်ငန်းတွေမှာလှူဖို့ ဘယ်လိုစိတ်ကူးရခဲ့ပါသလဲ။

ဒီနေရာတွေကို လှူချင်နေတာကကြာပြီ။ နှစ်ယောက်လုံးမအားတာနဲ့ မရောက်ဖြစ်ဘူး။ ဒါကြောင့် သမီးမွေးနေ့မှာ ရှူတင်တစ်ရက်ခွင့်ယူပြီး မှတ်မှတ်ရရဖြစ်အောင် သွားပြီးလှူဖြစ်တာ။ ရွှေဂုံတိုင်က ကလေးပြုစုရေးဌာနမှာ အလှူငွေငါးသိန်းနဲ့ ကလေးပစ္စည်းတွေ သွားလှူတယ်။ ဇီဝိတဒါနသံဃာ့ဆေးရုံမှာ ငွေငါးသိန်း၊ နာရေးကူညီမှုအသင်းမှာ ငွေဆယ်သိန်း၊ မြောက်ဒဂုံမှာရှိတဲ့ သုခရိပ်မြုံဂေဟာမှာငါးသိန်း သွားလှူခဲ့တယ်။

တစ်ဖက်မှာ ပြေတီဦးပညာရေးဖောင်ဒေးရှင်းလည်းရှိနေပြီး တခြားနေရာတွေကို ဘာကြောင့်လှူဖြစ်တာလဲ။

ကျွန်မတို့ မင်္ဂလာဆောင်တုန်းကလည်း MRTV-4 ကပြတဲ့ အစီအစဉ်တွေကနေရတဲ့ အလှူငွေတွေကို အကုန်ပြန်လှူခဲ့တယ်။ ကြားထဲမှာ လိုအပ်ရင်လိုအပ်သလို ဖောင်ဒေးရှင်းကို အလှူငွေထည့်တယ်။ ကိုပြေတီဦးဆိုသူရတဲ့အကယ်ဒမီရုပ်ကကြယ်ကိုရောင်းပြီးဒါနဲ့တန်ဖိုးညီမျှတဲ့ငွေကို ဖောင်ဒေးရှင်းထဲထည့်တယ်။ ဒီဘက်ကအလှူတွေကကျတော့လည်း လိုအပ်နေတဲ့နေရာလေးတွေကို လှူချင်စိတ်ကြောင့် လှူဖြစ်တာပါ။

အစ်မက အစ်မရဲ့ပြင်ပမိသားစုပုဂ္ဂိုလ်ရေးဘ၀ကို သိပ်ပြီးအရေးပေးဖော်ပြတာမျိုး မလုပ်ဘူးနော်။

ကျွန်မက ကလေးကို အပြင်သိပ်မထုတ်ဖြစ်ဘူး။ ဒီတော့ အိမ်သားတွေကလွဲလို့ ကလေးက အပြင်လူတွေနဲ့ သိပ်မထိတွေ့တော့ အပြင်လူနဲ့ဆို ဂျီကျတာတွေလုပ်ချင်တယ်။ ပွဲခေါ်သွားရင်လည်း သူစိတ်ညစ်ပြီး ပွဲမှာစိတ်မသက်မသာနဲ့စိတ်ဆင်းရဲမှာစိုးလို့ပါ။နည်းနည်းကြီးလာလိုသူပျော်တတ်တဲ့အရွယ် ရောက်လာရင်တော့ လုပ်ပေးမှာပါ။

အစ်မမှာခင်ပွန်းနဲ့သမီးနဲ့အလုပ်နဲ့အာင်မြင်မှုနဲ့ဆိုတော့အိန္ဒြာကျော်ဇင်ဘ၀ ပြည့်စုံပြီလို့ ပြောလို့ရပြီလား။

အင်းပေါ့။ သိပ်အများကြီး လိုချင်တောင့်တတာမျိုး ကျွန်မမှာမရှိပါဘူး။ ကိုယ့်ဟာကို ဒီလိုအနေအထားလေးလောက်မှာပဲ ကျေနပ်ပါတယ်။ ပြီးပြည့်စုံတယ်လို့တော့ မဟုတ်ပါဘူး။ လူဆိုတာ လိုအပ်တာလေးတွေတော့လည်း နည်းနည်းပါးပါးရှိပါတယ်။ ကျွန်မမှာလိုအပ်တာတွေ ရှိပါသေးတယ်။ ဒါပေမဲ့ ကိုယ်ဒီလိုအနေထားလေးလောက်နဲ့ပဲ ရောင့်ရဲတင်းတိမ်နေနိုင်တဲ့ သဘောလေးပါ။

အစ်မရဲ့မင်းသမီးဘ၀မှာသတင်းထွက်တာအရမ်းနည်းတယ်။အင်တာနက်မှာဆိုလည်းကောလာဟလ ထွက်တာ   အရမ်းနည်းခဲ့တော့ ဒါဟာ အစ်မရဲ့ဖြတ်သန်းမှု၊ နေထိုင်မှုနဲ့ဆိုင်တယ်လို့ ပြောနိုင်လား။

ဒါက ကံနဲ့လည်းဆိုင်ပါတယ်။ တချို့ကျတော့ ကံမကောင်းတော့ အပြောခံရတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ကျွန်မလည်းလုံးဝကြီးသတင်းမထွက်ဘူးလို့တော့လည်းမဟုတ်ပါဘူး။  ကောလာဟ လပြောခံရတာတွေ နည်းနည်းပါးပါးတော့ ရှိခဲ့ပါတယ်။ ဒါကတော့ ကျော်ကြားသူတိုင်း ခံစားရတဲ့တစ်ခုပါ။ ကိုယ်ကတော့သိက္ခာရှိရှိနေတတ်ထိုင်တတ်တယ်ဆိုရင်တော့ပိုကောင်းတာပေါ့။ကိုယ်  ဘယ်လောက်ကောင်းအောင်နေနေ ပြောချင်တဲ့သူကတော့ ပြောနေမှာပါပဲ။

အလုပ်တစ်ဖက်နဲ့အိမ်ရှင်မတစ်ယောက်ဘ၀မှာခင်ပွန်းအပေါ်ဖြည့်ဆည်းပေးရတဲ့တာဝန်တွေ   ကျေပွန်နိုင် ပါ့မလား။
အဲဒါတော့ မကျေဘူးထင်တာပဲ။ (ရယ်လျက်) အရင်ခေတ်ကလို လင်ယောက်ျားကို ချက်ပြုတ်ကျွေးမွေးပြုစု၊ ကလေးထိန်းလုပ်မှ အိမ်ရှင်မ ပီသမယ်ဆိုရင်တော့ ကျွန်မက မပီသဘူးလို့ပြောရမယ်။ ဘာလို့လဲဆို ထမင်းဟင်းလည်း မချက်တတ်ဘူး။ (ဟက်ဟက်ပက်ပက် ရယ်လျက်) အရာအားလုံး လစ်ဟာနေတာမျိုးမဖြစ်အောင် ကိုယ့်ဘက်ကတော့ ကြိုးစားပြီးနေပါတယ်။ အိမ်ထောင်ဘက် လိုအပ်တာလေးကို ကြိုးစားပြီး ဖြည့်ဆည်းပါတယ်။

အစ်မက ဖက်ရှင်ပိုင်းမှာ ခုထိတောက်လျှောက် သတိပြုခံရတဲ့သူဆိုတော့ အစ်မအမျိုးသားကို ဖက်ရှင်ဒီဇိုင်းတွေ ဆင်ပေးဖြစ်နေမှာပေါ့နော်။

ဖက်ရှင်ကတော့ ကိုပြေတီဦးက လုံးဝကိုစိတ်မ၀င်စားဘူး။ ၀ါသနာကိုမပါတော့ အခုနောက်ပိုင်း သူ့အ၀တ်အစားအကုန်လုံးကို ကျွန်မပဲ စီစဉ်ပေးတယ်။ သူ့ရဲ့အလုပ်၊ ကားရိုက်တာနဲ့ ပတ်သက်ပြီးတော့ ဇာတ်လမ်းရွေးတာ၊ ဇာတ်လမ်းရှာတာ၊ ဒါရိုက်တာ၊ မင်းသမီးရွေးတာကတော့ ဘာမှဝင်မစွက်ဖက်ဘူး။ သူလုပ်နေကျဖြစ်တဲ့အတွက် သူစဉ်းစားဆုံးဖြတ်နိုင်တယ်။ သူသည်လည်း ကိုယ့်ဘက်ကို ၀င်မပါဘူး။ ကိုယ်တွေက ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားနိုင်ကြတယ်လေ။

အစ်မသတင်း မထွက်ပေမယ့်လည်း အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ဒီတလော သတင်းတွေထွက်လာတဲ့အပေါ် ကိုပြေတီဦးနဲ့ ပြောဖြစ်ကြသေးလား။

မပြောဖြစ်ဘူး။ ဘာလို့လဲဆိုတော့ မလိုအပ်လို့ပါ။ မဟုတ်တဲ့ သတင်းဖြစ်တဲ့အတွက်ကြောင့် အထူးတလည်ကို စိတ်ထဲမထည့်တာ။ ကိုယ်ကလည်း ဒီလောကသားဖြစ်တဲ့အတွက်ကြောင့် နားလည်ပေးလို့ရတယ်။ ဒီလိုသတင်းတွေက အနုပညာသမားတိုင်း ခံရတာပဲလေ။ နောက်တစ်ခုက ကိုယ်က ကိုယ့်ယောက်ျားကိုကိုယ် ယုံကြည်မှုအပြည့်ရှိပြီးသား။ အချင်းချင်းယုံကြည်မှု တည်ဆောက်ထားတဲ့အတွက် အဲဒီလို မဟုတ်ကဟုတ်က သတင်းတွေ ထွက်လာရင် ကိုယ်ကတစ်ဖက်သားကို အားတောင်နာသေးတယ်။ တစ်ဖက်သားကို ထိခိုက်တယ်လေ။

အစ်မအနုပညာလုပ်တော့လည်း အောင်မြင်တယ်။ အိမ်ထောင်ရှင်မိခင်ဘ၀မှာလည်း ပြည့်စုံနေတယ်။ လူမှုရေးလုပ်တော့လည်းတိုင်းသိပြည်သိ အသိအမှတ်ပြုခံရတော့ အပြောင်းအလဲတိုင်းမှာ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘာလုပ်လုပ်ဖြစ်မယ်ဆိုတဲ့  ခိုင်မာတဲ့ယုံကြည်ချက်ရှိပါသလား။

ခိုင်မာတဲ့ယုံကြည်ချက် ဆိုတာထက် ကိုယ်လုပ်မယ့်အလုပ်တစ်ခုကို ကောင်းအောင်၊ အကောင်းဘက်ကို ဦးတည်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ အမြဲစဉ်းစားတယ်။ ကြိုးစားတယ်။ ငါဒီအလုပ်တစ်ခုကိုလုပ်မယ်။ ဒီအလုပ်သည် ကောင်းရမယ်လို့တော့ တစ်ထစ်ချ မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့ ကောင်းအောင်လုပ်မယ့်စိတ်နဲ့ လုပ်လို့ကောင်းတဲ့ အကျိုးလေးတွေဖြစ်တယ်လို့ ထင်တာပဲ။

ခုနောက်ပိုင်းလာတဲ့ဇာတ်ရုပ်တွေထဲမှာအစ်မစိတ်ကြိုက်ဖြစ်တဲ့ဘယ်လိုဇာတ်ရုပ်မျိုးတွေ ကို  ရွေးချယ်သရုပ်ဆောင်ဖြစ်ပါသလဲ။

ခုနောက်ပိုင်း ကျွန်မဆီလာတဲ့ ဇာတ်တွေက နင့်နင့်နဲနဲနဲ့ လေးပင်တဲ့ ဟဲဗီးဒရာမာတွေ ပိုများတယ်။ ဒါပေမဲ့ ကျွန်မဆီကိုလာတဲ့ဇာတ်ကိုက ဇာတ်ရုပ် သိပ်ရွေးစရာမလိုတာများတယ်။ ကိုယ်နဲ့လိုက်မယ့်ဇာတ်ကတော့ လာပြီးသားပေါ့။

အစ်မတို့ လင်မယားနှစ်ယောက်ကို သရုပ်ဆောင်ဖို့ လာကမ်းလှမ်းရင် ဘယ်လိုဇာတ်ရုပ်မျိုး သရုပ်ဆောင်ချင်လဲ။

သမီးရည်းစားပုံစံတော့ မလုပ်ချင်ဘူး။ အပြင်မှာက တကယ်တမ်း လင်မယားဖြစ်နေတော့ ပရိသတ်လည်းကြည့်ရတာ မထူးဆန်းဘူးလို့ ကျွန်မထင်တယ်။ တကယ့်အိမ်ထောင်ရေးဇာတ်လမ်းလေးတွေက ပိုလိုက်ဖက်မယ်လို့ ထင်ပါတယ်။
အစ်မသမီးလေးပါ ပါဝင်မယ့် အနုပညာအလုပ်တစ်ခုခု ကမ်းလှမ်းလာရင် အစ်မနဲ့ ကိုပြေတီဦးတို့ ဘယ်လိုသဘောတူထားကြပါသလဲ။

ခုလောလောဆယ်ကတော့ ကုန်ပစ္စည်းတံဆိပ်နှစ်ခုကတော့ ကိုယ်ဝန်ရှိကတည်းက စာချုပ်ချုပ်လက်ခံထားတော့ ရိုက်လိုက်တာပေါ့။ ရိုက်တဲ့အခါ သူ့အဖေက သူ့သမီးကို မပင်ပန်းစေချင်ဘူး။ ကလေးပင်ပန်းမှာစိုးလို့ဆိုပြီးလေ။ သူ့အဖေက အဖြစ်သည်းတာပါ ညီမရယ်။ ကလေးအိပ်ချိန်တွေထဲက ဖဲ့ပေးရတာတွေရှိတော့ကလေးပင်ပန်းပါတယ်။နောက်ဆိုရင် လက်မခံပါနဲ့ဦးဆိုလို့ နောက်ပိုင်းကြော်ငြာတွေ လက်မခံထားသေးဘူး။


0 comments:

Post a Comment