468x60 Ads
Tuesday, October 9, 2012
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် သွားရန်ရှိ
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် လာမည့် နိုဝင်ဘာလ လယ်ပိုင်း၌ အိန္ဒိယ နိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း သတင်းရသည်။ ခရီးစဉ်၏ အသေးစိတ် အစီအစဉ်ကိုမူ အတိအကျ မသိရှိရသေးကြောင်း
NLD အသိုင်းအ၀ိုင်းက ပြောသည်။ ၎င်းကို ယနေ့တွင် ရန်ကုန်အခြေစိုက် အိန္ဒိယ သံရုံးက ညစာစားပွဲ ဖိတ်ထားကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက်တွင် ဒေသဖွံ့ဖြိုးရေး အတွက် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်သို့ သွားရောက်မည် ဖြစ်သည်ဟုလည်း ဆိုသည်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် တပ်မတော်နှင့် KIA တို့ ယနေ့(၉-၁၀-၂၀၁၂)နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွား........
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် တပ်မတော်နှင့် KIA တို့ ယနေ့နံနက် ၈နာရီ ၁၀မိနစ်ခန့် မှစတင် တိုက်ပွဲဖြစ်ပွား
ရာ KIA ကလက်နှက်ကြီးများနှင့် ပစ်ခတ်သကဲ့သို့ တပ်မတော်ကလည်း လက်နှက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြကြောင်း လုံးခင်းကျေးရွာနေ ပြည်သူများက The Voice Weekly သို့ဆက်သွယ်ပြောကြားသည်။
ယင်းတိုက်ပွဲမှာ နံနက် ၉နာရီ ၂၅မိနစ်ခန့်တွင် ပြီးဆုံးသွားပြီး ကျောက်ရှာသူ လူငယ်တစ်ဦး ကျည်ဆန်ထိမှန် သေဆုံးသွားကြောင်း၎င်းတို့၏ အဆိုအရ သိရသည်။
(အဆိုပါသတင်းကို အတည်ပြုနိုင်ရေး The Voice Weekly က ကြိုးစားနေပြီး ဆက်လက်ဖော်ပြပေးသွားပါမည်)
၈၈မျိုးဆက်ကျောင်းသားများ ဒိန်းမတ်နိုင်ငံရှိ အထက်တန်ကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ
ယနေ့ အောက်တိုဘာလ၊(၉)ရက် မွန်းလွဲ(၂း၀၀)နာရီက ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးသို့ ဒိန်းမတ်နိုင်ငံရှိ အထက်တန်ကျောင်းများမှ ကျောင်းသားကျောင်းသူစုစုပေါင်း(၁၉)ဦး ရောက်ရှိလာကာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချိုတို့နှင့်တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဒီငြိမ်းလင်း၊ အောင်ကျော်ကျော်စသည့် ကျောင်းသားလူငယ်များလည်းတက်ရောက်ခဲ့ကြသည်။
“၀” ၊ မိုင်းလား အဖွဲ့များ နှင့် ကာချုပ် တွေ့ဆုံ
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နယ်စပ်အခြေစိုက် အပစ်ရပ်အဖွဲ့များဖြစ်သည့် ၀ပြည်သွေးစည်ညီညွတ်ရေး အဖွဲ့ (UWSA)၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ခေါင်းဆောင်များနှင့် ရှမ်းပြည် အရှေ့ ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တ
တွင် ပြီးခဲသည့်စနေနေ့က တွေ့ဆုံဆွေးနွေးသည်။
UWSA အဖွဲ့ ဒု ဥက္ကဋ္ဌ ရှောက်မီလျံ၊ NDAA အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး၊ မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိပေ။
“ပြဿာနာ ကြီးကြီးမားမားရှိလို့ တွေ့ဆုံတာမဟုတ်ပါဘူး၊ နယ်မြေ အတွင်းမှာဖြစ်ပေါ်နေတဲ့ လတ်တလော အခြေအနေလေးတွေကို ပြောကြမှာပါ”ဟု UWSA အဖွဲ့၏ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးဘွမ်တိန်းက ဧရာဝတီကို ပြောဆိုသည်။
ယခင် စစ်အစိုးရလက်ထက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရန် ကြိုးစားရာ တဖက်နှင့် တဖက်တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါအဖွဲ့များနှင့် ဆက်ဆံရေး တန်းသွားခဲ့သော်လည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း က ပဏာ မငြိမ်းချမ်းရေး သဘောတူညီချက်များ အောက်ခြေတပ်မှူးများအဆင့် ဆွေးနွေးပွဲများမှတဆင့် ရယူနိုင်ခဲ့သည်။
ထိုသဘောတူညီချက်များတွင် ဆက်ဆံရေးရုံးများကို မြို့ကြီးများတွင် ပြန်လည်ဖွင့်လှစ်ရန်၊ နှစ်ဘက်တပ်ဖွဲ့များ လက်ရှိ အခြေ အနေအတိုင်း ဆက်ရှိနေရန်၊ လက်နက်ကိုင် တပ်ဖွဲ့များ အစိုးရနယ်မြေများသို့ လာရောက်လျှင် ကြိုတင်အကြောင်းကြားရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တူညီသည့် ဘုံအချက်များကိုသာ ဆွေးနွေးပြီး ပဋိပက္ခဖြစ်မည့် အငြင်းပွားဖွယ်အချက်များကို ရှောင် ရန်၊ နှစ်ဖက်တင်းမာမှု ဖြစ်ပွားစဉ်က ၀နယ်မြေမှ ထွက်ခွာသွားသည့် အစိုးရ၀န်ထမ်းများကို ပြန်လည်လက်ခံရန် စသည့်အချက် များ ပါဝင်သည်။
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၀ လက်နက်ကိုင်တပ်ဖွဲ့ (UWSA)တို့ တွေ့ဆုံမှုသည် မြန်မာတပ်မ တော်နှင့် ကချင်လွတ်လပ် ရေး တပ်ဖွဲ့ (KIA)တို့ တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက“တရုတ်နယ်စပ်က တိုင်းရင်းသားတွေက တရုတ်နဲ့ အရမ်းနီးစပ်သလို၊ လက်ရှိ ၀တပ်ဖွဲ့ အနေအထားအရလည်း မြန်မာတပ်ကတိုက်ဖို့ မလွယ်သေးဘူး၊ ဒါကြောင့် သတိကြီးကြီးနဲ့ ကိုင်တွယ်နေတဲ့ပုံပဲ”ဟု ဆိုသည်။
တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားများအရေးသည် တရုတ်အစိုးရအပေါ်တွင်လည်း မူတည်ပြီး၊ အစိုးရသစ် လက်ထက်တွင် အမေရိကန်နှင့် အနီးကပ်ဆက်ဆံလာ ခြင်း၊ မြစ်ဆုံရေကာတာစီမံကိန်းကို ရုတ်သိမ်းခဲ့ခြင်းတို့သည်တရုတ်- မြန်မာဆက်ဆံရေးကို ထိခိုက်နိုင် ကြောင်း၊ ထိုကြောင့် တရုတ်အစိုးရက တိုင်းရင်းသားများကို ကျောထောက်နောက်ခံပြန်လည် ပြုလာနိုင်ကြောင်း ဦးအောင် ကျော်ဇောက သုံးသပ်သည်။
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသားအရေးနှင့် ပတ်သက်လျှင် ပြတ်ပြတ်သားသား ကိုင်တွယ်သူတဦးဟု အများက ပြောဆိုကြ သော်လည်း စစ်တပ်ပိုင် မြ၀တီသတင်းဌာနမှ ဖော်ပြ သည့် ဓာတ်ပုံများ၌မူ ၀တိုင်းရင်းသားခေါင်းဆောင် ရှောက်မီလျံ နှင့် ရင်းနှီးစွာ ဖက်လှဲတကင်း နှုတ်ဆက်နေသည်ကို တွေ့ရသည်။
ကြိဂံတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ်တာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ ၏အနေ အထား စစ်ရေးလေ့ကျင့်မှုများကိုလည်း သွားရောက်စစ်ဆေးခဲ့သေးသည်။
အမေရိကန်သံအမတ်ကြီးနှင့် ဇနီး ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းမည်
အမေရိကန်သံအမတ်ကြီး ဒဲလ်ရစ်မစ်ချယ်နှင့် ဇနီးတို့သည် လာမည့် အောက်တိုဘာ ၃၀ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းမည်ဖြစ်ကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူမှ ယနေ့ပြောကြားလိုက်သည်။
ရှမ်းမြောက် မုန်ဂိုးဒေသတွင် မြန်မာ အစိုးရနှင့် KIA ကြား တိုက်ပွဲဖြစ် တနင်္လာနေ့၊ အောက်တိုဘာလ 08 ရက် 2012 ခုနှစ် ကချင်သတင်းဌာန
ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုး (Munggu) ဒေသ နောင်ဟမ် (Nawng Hem)နှင့် ရွှေအိုင် (Shwi Ai) တွင်
မြန်မာအစိုးရတပ် ခလရ (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ယနေ့ နံနက် ၁၀ ခွဲချိန်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
“သူတို့ဘက်က ရမ်းတန်းပစ်နေတာ အခုလဲပစ်နေတုန်းဘဲ ခန့်မှန်းပြီးပစ်နေကြတယ်။ ခုလဲ မြည်နေတယ်။ ကျနော်တို့ဘက်ကတော့ ဘာမှ မဖြစ်ဘူး။ အခု ကျနော်တို့နဲ့အနီးကပ်မှာ ရှိနေတယ်။ အစိုးရတပ်ဘက်မှာ ဘယ်နှစ်ယောက်သေတယ်၊ ဒဏ်ရာရတာ မသိသေးဘူး။ ခုဆက်တိုက်ဖြစ်နေလို့။” ဟုဆက်ဆိုသည်။
မြန်မာအစိုးရတပ်သည် နောင်ဟမ် (Nawng Hem) တွင် အင်အား ၁၀၀ ကျော်ရှိပြီး ယနေ့ နံနက်တွင် ၎င်းသို့တပ်မှ ထွက်လာချိန် KIA တပ်ဖွဲ့များနှင့် တွေ့ဆုံပြီး ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းမြန်မာအစိုးရတပ်သည် မုန်ဂိုးဒေသ ကချင်ကျေးရွာများတွင် လှည့်လည်ကျက်စားနေသော တပ်ဖွဲ့ဖြစ်ပြီး ဒေသခံပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်ထားကြောင်းသိရသည်။
ယမန်နေ့ အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီခွဲတွင်လည်း ကချင်ပြည်နယ် အသိမ်းပိုက်ခံ KIA ဌာနချုပ်ဟောင်း နာဖေါ့ (Na Hpaw) မြန်မာအစိုးရ တပ်စခန်းမှ ဒဏ်ရာရ အရာရှိတဦးနှင့် တပ်သားတဦးကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ခန့်အပ်
ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ပြန် လည် စတင်လိုက်ပါပြီ။
ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး ဗားကလပ်ဗ် ဟာဗဲလ် ခေါင်းဆောင်ခဲ့တဲ့ ချက် သမ္မတ နိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို အားပေးထောက်ခံမှုကြီးမားတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။
ချက်ကိုစလိုဗက်ကီယား နိုင်ငံဖြစ်စဉ် ၁၉၅၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်း ချက်သမ္မတနိုင်ငံဖြစ်လာပြီး အခုတော့ မြန်မာနဲ့ သံတမန်ဆက်ဆံရေး မျက်နှာစာပြန်ဖွင့်လိုက်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချက်သမ္မတ နိုင်ငံဆိုင်ရာ သံရုံးက သံအမတ်ကြီး ဗစ်တီဇလပ်(ဖ်) ဂရိပဲလ် အား မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီမှု ကိစ္စကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လက ချက်သမ္မတနိုင်ငံ ပထမ လက်ထောက် ၀န်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေး ၀န်ကြီး လည်းဖြစ်တဲ့ Karel Schwarzenberg မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ပြီးနောက်ပိုင်း အခုလို သံတမန်အပြန်အလှန် ဆက်ဆံရေး မျက်နှာစာ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။
ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်…. (ဘာသာပြန် အက်ဆေး)
စာတမ်းလေးတစ်ခုဘာသာပြန်ထားတာတွေ့လို့  ပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်.. စာတမ်း ကို ပြီးအောင်ဖတ်ကြည့်လိုက်ပါ. တကယ်ကိုရသမြောက်ပါတယ်.. 
အီရန်နိုင်ငံက စာရေးဆရာ ယာကု(ဘ်) ယာဒလီ ရဲ့ စာတမ်းငယ်ကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ အဲဒီစာတမ်းကို University of Iowa, International Writing Program ရဲ့ “စစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာ စာရေးသားခြင်း Writing in a Country at War” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ယာကု(ဘ်)က ဖတ်ခဲ့ပါတယ်။
အီရန်စာရေးဆရာ ယာကု(ဘ်)ယာဒလီ (Yaghoub Yadali) ဟာ ရုပ်မြင်သံကြားမှာ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သလို  Roshd မဂ္ဂဇင်းရဲ့ ရုပ်ရှင်အယ်ဒီတာ တစ်ယောက်လည်းဖြစ်ပါတယ်။ Sketches in the Garden  ဆိုတဲ့ ဝတ္ထုတိုပေါင်းချုပ်ကို ၁၉၉၇ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တယ်။ သူရေးခဲ့တဲ့  Rituals of Restlessness ဆိုတဲ့ ဝတ္ထုရှည်ဟာ ၂၀၀၄ ခုနှစ်အတွက် Golshiri’s Foundation Award ကို ချီးမြှင့်ခံခဲ့ရပါတယ်။ သူရေးသားခဲ့တဲ့ နောက်ထပ် ဝတ္ထုရှည်တစ်အုပ်ကတော့  ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့  Probability of Merriment and Mooning ပါ။ လက်တလော ရေးသားထားတဲ့  The World ဆိုတဲ့ ဝတ္ထုရှည်တစ်အုပ်ကတော့ ထုတ်ဝေဖို့အတွက် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ကို စောင့်နေပါတယ်။ သူ့ရဲ့ ဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ ဘာသာပြန် စာပေတွေကို အီရန်နိုင်ငံနဲ့ တူရကီနိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ 
Rituals of Restlessness ဝတ္ထုရှည်ဟာ သူ့ကိုထောင်နှုတ်ခမ်းကို ပို့ခဲ့တဲ့ ဝတ္ထုပါ။  ဒီ link တွေမှာ ဖတ်ကြည့်လို့ရပါတယ်။ 
အဲဒီအကြောင်းကို သူ့ကို မေးမြန်းကြည့်တဲ့အခါ သူက အခုလို ပြောပြပါတယ်။
“ “မငြိမ်သက်မှု၏ ထုံးတမ်းစဉ်လာများ (Rituals of Restlessness)” ဆိုတဲ့ ခေါင်းစဉ်နဲ့  ဝတ္ထုရှည်တစ်ပုဒ်ကို ၂၀၀၄ ခုနှစ်မှာ ကျွန်တော်ရေးခဲ့ပါတယ်။ အီရန်နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ အစ္စလမ်ဘာသာရေးလမ်းညွှန်မှု ခွင့်ပြုချက်အရ ထုတ်ဝေခဲ့ပါတယ်။ (အီရန်နိုင်ငံမှာ စာအုပ်ထုတ်ဝေခွင့်အတွက် စာရေးဆရာတွေဟာ စာအုပ်တွေကို  ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ရပါတယ်။)
နောက် ၃ နှစ်အကြာ ၂၀၀၇ ခုနှစ်မှာ ကျွန်တော့်ကို အီရန်ရဲ့ လူနည်းစု မျိုးနွယ်တစ်ခုကို စော်ကားတယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ဝတ္ထုရဲ့ အဓိက ဇာတ်လိုက် အမျိုးသားက အဲဒီလူမျိုးစုနွယ်ဝင် အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်ကြတယ်လို့ ရေးမိလို့ပါ။ ကျွန်တော် အဖမ်းခံရပြီး ၄၁ ရက် အချုပ်ခံရပါတယ်။ စာရေးဆရာတွေရဲ့ ဆန္ဒပြမှုနဲ့ လူထုရဲ့ ဖိအားကြောင့် ကျွန်တော့်ကို တရားရုံးမထုတ်ခင်အထိ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ နောက် လအနည်းငယ်ကြာတော့ တရားရုံးက ကျွန်တော့်ကို ထောင်တစ်နှစ်ချပြီး အဲဒီ လူမျိုးစုနဲ့ ပတ်သက်တဲ့ ကောင်းကြောင်းတွေကို ဆောင်းပါး ၄ ခု ရေးခိုင်းပါတယ်။ အဲဒီနောက် ဒီလို ထူးဆန်းတဲ့ စီရင်ချက်အတွက် စာရေးဆရာတွေက ဆန္ဒပြကြပြန်ပါတယ်။ နောက်တော့ တရားသူကြီးချုပ်က စီရင်ချက်ကို ဆိုင်းငံ့ပြီး ကျွန်တော့်အမှုကို တခြားတရားရုံးကို လွှဲပေးပါတယ်။ နောက်ထပ် လေးနှစ်ကြာအောင် တရားဆိုင်ပြီးတဲ့နောက်တော့ ကျွန်တော်ဟာ စွပ်စွဲချက်တွေအားလုံးကနေ အပြစ်မရှိကြောင်းနဲ့ လွတ်မြောက်သွားခဲ့ပါတယ်။ 
အီရန်နိုင်ငံမှာ စာရေးရတာ သိပ်ကို ခက်ခဲပါတယ်။ ရသနဲ့ မဆိုင်တာတွေ အများကြီးကို ထည့်တွက် ရင်ဆိုင်ရပါတယ်။ ဖရန့်ဇ် ကက်ဖကာရဲ့ မက်တာမိုဖိုဆစ် ဝတ္ထုထဲက ဇာတ်ကောင် ဂရီဂွာ ဆမ်ဆ လိုပါပဲ။ အီရန်မှာနေတဲ့ စာရေးဆရာဟာ နောက်တစ်နေ့ မနက်မှာ အိပ်ရာက နိုးတဲ့အခါ သူ့ကိုယ်သူ ဘာဖြစ်သွားမယ်ဆိုတာ အသေအချာ မသိနိုင်ပါဘူး။ ဂရီဂွာကတော့ ပိုးမွှားကောင်ကြီးအဖြစ် အသွင်ပြောင်းသွားတယ်တဲ့။ အီရန်က စာရေးဆရာကတော့ ဘာနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို ဘယ်လိုမှ မသိနိုင်ပါဘူး။”
မြန်မာစာဖတ်ပရိသတ်တွေကို ဘာများပြောချင်သလဲလို့ မေးတဲ့အခါ ယာကု(ဘ်) က အခုလို အမှာစကား ပါးလိုက်ပါတယ်။
“မြန်မာ လို့ ပြောလိုက်ရင် လူတွေက နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ စစ်အစိုးရ ရယ် နိုင်ငံရေးအကျဉ်းသားတွေရယ် ပါ။  ကံမကောင်းစွာပဲ ကျွန်တော်သိသမျှဟာလည်း ဒါတွေပဲ။ ဒီ့ထက်ပိုပြီး မသိခဲ့ဘူး။  ပန်ဒိုရာနဲ့ နေဘုန်းလတ်ကို အမေရိကန်နိုင်ငံ အိုင်အိုဝါက International Writing Program မှာ တွေ့တော့မှပဲ မြန်မာအကြောင်းကို ပိုလေ့လာနိုင်ခဲ့တော့တယ်။ အိုင်အိုဝါတက္ကသိုလ်က ယနေ့နိုင်ငံတကာကာစာပေ ဆိုတဲ့ စာသင်ခန်းဆွေးနွေးပွဲတစ်ခုမှာ ပန်ဒိုရာက မြန်မာစာပေအကြောင်း ပြောပြတော့မှ ခင်ဗျားတို့ရဲ့ စာပေကို အတိုင်းအတာတစ်ခုအထိ ကျွန်တော် ရင်းနှီးကျွမ်းဝင်လာခဲ့ရပါတယ်။ 
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ အများကြီးရှိတယ်ဆိုတာရယ်၊ ထူးချွန်ပြောင်မြောက်တဲ့ ကဗျာဆရာတွေ  စာရေးဆရာတွေ အများကြီး ရှိနေတယ်ဆိုတာရယ်၊ နှစ်ပေါင်းရှည်ကြာခဲ့တဲ့ ယဉ်ကျေးမှုနောက်ခံသမိုင်း ရှိတယ်ဆိုတာရယ်ကို အခုတော့ ကျွန်တော် သိခဲ့ပါပြီ။ ခင်ဗျားတို့နိုင်ငံက ပြည်တွင်းစစ်တွေအကြောင်းကို ဖတ်မိတဲ့အခါမှာ ကျွန်တော် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။  မျှော်လင့်ချက်ကင်းမဲ့စွာပဲ ကျွန်တော်က ဆုတောင်းချင်ပါသေးတယ်။ စာပေဟာ ကျွန်တော်တို့ အားလုံး အတူတူ ခံစားနေရတဲ့ နာကျင်မှုတွေကို လျော့ပါးသက်သာပါစေ.. လို့။
ကံမကောင်းစွာပဲ ကျွန်တော် သိမိသလောက်တော့ ခင်ဗျားတို့ရဲ့ မြန်မာစာပေတွေကို အီရန်ဘာသာစကားဖြစ်တဲ့ ပါရှန်းဘာသာကို ပြန်ဆိုထားတာ မတွေ့ရပါဘူး။ ကျွန်တော်သာ မမှားခဲ့ဘူးဆိုရင် ကျွန်တော်တို့ အီရန်စာပေတွေကိုလည်း ခင်ဗျားတို့ မြန်မာဘာသာကို ပြန်ဆိုတာ မရှိသေးဘူး ထင်ပါတယ်။။ တစ်နေ့နေ့မှာတော့ ကျွန်တော်တို့ရဲ့ ဝတ္ထုတွေ ကဗျာတွေကတဆင့် တစ်ယောက်နဲ့တစ်ယောက် ပိုပြီး သိကျွမ်းလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကိုးကွယ်ယုံကြည်မှု မတူညီသူတွေကလည်း လူသားတွေအချင်းချင်းပဲဆိုတာကို ပိုနားလည်လာကြပြီး အတူတကွ  ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။” 
 --------------------------------
ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်….
ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်… ကျွန်တော် ဆယ့်ခြောက်နှစ်အရွယ်မှာတော့ အီရန်-အီရတ် စစ်ပွဲထဲမှာ ဝင်တိုက်ချင်ခဲ့တယ်။ ဒါဟာ မြင့်မြတ်တဲ့စစ်ပွဲ လို့ ကျွန်တော်တို့ကို ကျောင်းမှာ သင်ကြတယ်။ တိုက်ပွဲမှာ ဝင်ဆင်နွှဲပြီး ကျဆုံးတဲ့ ဘယ်သူမဆို ကောင်းကင်ဘုံကို ရောက်မှာ တဲ့။ ဆယ့်ခြောက်နှစ်သား  အတွက်တော့ ကောင်းကင်ဘုံ ဆိုတာ သိပ်ကို ကောင်းတာပေါ့။   မြင့်မြတ်တဲ့စစ်ပွဲမှာ ကျဆုံးခြင်းဟာ ကောင်းကင်ဘုံကို တိုက်ရိုက်ရောက်မယ့် လမ်းကြောင်းပဲ လို့ ဘာကြောင့်များ ကျိန်းသေအာမခံနိုင်ကြတာလဲ ဆိုတာကိုတော့ ကိုယ့်ကိုယ်ကို မေးခွန်းမထုတ်မိခဲ့ဘူး။  ရန်သူ့စစ်သားတွေကျတော့ ဘာကြောင့် ငရဲကိုသွားရသလဲ ဆိုတာကိုလည်း မစဉ်းစားမိခဲ့ဘူး။ ကျွန်တော်တို့နဲ့ အီရတ်လူမျိုးတွေ ဘာများကွာပါလိမ့်၊ သူတို့တွေလည်း မူဆလင် ကျွန်တော်တို့လည်း မူဆလင်၊ သူတို့လည်း လူသားတွေ ကျွန်တော်တို့လည်း လူသားတွေ၊ ဘာကြောင့် ကျွန်တော်တို့မှပဲ ကောင်းကင်ဘုံကို သွားရမှာလဲ ဆိုတာကိုလည်း မတွေးမိခဲ့ဘူး။
ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်… ကျွန်တော်ကတော့ ကျွန်တော်တို့နိုင်ငံက မြို့တွေပေါ်ကို ဗုံးကြဲချတဲ့ အီရတ် စစ်လေယာဉ်တွေကို သဘောကျခဲ့တယ်။ ကျွန်တော်တို့ကတော့ အဓိကပစ်မှတ်မဟုတ်တဲ့  မြို့သေးသေးလေးမှာ နေတော့ ဗုံးကြဲမခံရပဲကိုး။ မြို့ကို စစ်လေယာဉ်တွေ ဖြတ်သွားရင် ကျွန်တော်တို့က ခေါင်မိုးတွေပေါ်ကို တက်ကြည့်ကြတယ်။ ကျွန်တော် ဆယ့်နှစ်နှစ်သားအရွယ်က စစ်လေယာဉ်တွေ သိပ်ကြိုက်ခဲ့တယ်။ စစ်ကိုလည်း ကြိုက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်လေယာဉ်တွေ ပါလို့လေ။
ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်… စစ်ပြီးသွားရင် လူတိုင်းပျော်ကြတယ်။ ကျွန်တော့်အမေက လွဲလို့ပေါ့။ အနည်းဆုံးတော့ နေ့အချိန်တွေမှာဆိုရင် အမေက မပျော်ဘူး။ စစ်ပွဲပြီးဆုံးသွားတော့ နှစ်နှစ်လောက် အထိ ကျွန်တော့်အစ်ကိုရဲ့ အလုပ်က ရှေ့တန်းစစ်မြေပြင်နေရာကို မနက်တိုင်းသွားရတယ်။ အဲဒီက မိုင်းကွင်းကို သွားပြီး ကျန်နေတဲ့ မြေမြုပ်မိုင်းတွေကို ရှင်းပေးရတယ်။ ညနေစောင်းမှ အိမ်ကို ပြန်လာရတယ်။ အဲဒီ နှစ်နှစ်အတွင်းမှာတော့ မနက်ဆိုရင် အမေက စိုးရိမ်ပူပန်မှုတွေနဲ့ အိပ်ရာက ထတယ်။ အစ်ကို့အတွက် တစ်နေ့လုံး ဆုတောင်းပေးတယ်။ ညနေတွေရောက်လာတိုင်း ကျွန်တော့်အစ်ကို အသက်ရှင်သေးရဲ့လားဆိုတာ စစ်မြေပြင်ကို ဖုန်းဆက်မေးတယ်။ ညနေခင်းတွေနဲ့ ညဘက်တွေမှာပဲ ကျွန်တော့်အမေက ပျော်နိုင်တယ်။ အဲဒီအချိန်တွေမှာမှ သူ့သားက နောက်နေ့မနက်အထိ ဘေးကင်းတာကိုး။
ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်… စာရေးဆရာတွေကတော့ ကြိုက်မယ်။ စစ်ဆိုတာ ပုံမှန် နေ့စဉ်ဘဝထဲက ဖြစ်ရိုးဖြစ်စဉ်တွေမဟုတ်တဲ့ အဖြစ်အပျက်တွေ အတွေ့အကြုံတွေနဲ့ ပြည့်နှက်နေတာကိုး။ စာရေးဆရာတွေအတွက်တော့ ဒါဟာ စာသစ်တွေရေးဖို့ ကုန်ကြမ်းတွေအပြည့် ဖြစ်နေမယ်။ အော်ရီဂျင်နယ် စာအသစ်တွေ အတွက် အကြောင်းအရာအသစ် ဖြစ်နေမယ်။  ဒါပေမယ့် အဲဒီအကြောင်းပြချက်က လုံလောက်လို့လား။ ဝတ္ထုတစ်ပုဒ်ဆိုတာ လူ့ဘဝနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်လောက် တန်ဖိုးရှိပါသလဲ။ ဘယ်လိုပဲဖြစ်ဖြစ် စာရေးဆရာတွေက လိုချင်တယ်ဖြစ်စေ မလိုချင်တယ်ဖြစ်စေ စစ်ပွဲတွေကတော့ မလွှဲမရှောင်သာ ရှိနေဦးမှာပဲ။ ဒီတော့ စစ်ကာလအတွင်းမှာ စာရေးဆရာရဲ့ တာဝန်က ဘာဖြစ်မလဲ။ စစ်ထဲ ဝင်တိုက်မှာလား မတိုက်ဘူးလား။ တကယ်လို့ တော်လစတွိုင်းသာ ခရီမီယန်စစ်ပွဲ ထဲမှာ သေသွားခဲ့ရင် စစ်နဲ့ငြိမ်းချမ်းရေး စာအုပ် ရေးခဲ့ရမှာမဟုတ်ဘူး။ တကယ်လို့ သူသာ စစ်ထဲ ဝင်ပြီး မတိုက်ခဲ့ရင်လည်း စစ်နဲ့ငြိမ်းချမ်းရေး ဆိုတဲ့ စာအုပ်ဟာ ရေးစရာဖြစ်လာခဲ့မှာမဟုတ်ဘူး။
ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမယ့်… ကျွန်တော့်ရဲ့ အီရန်နိုင်ငံကလူတွေကတော့ ပြီးခဲ့တဲ့ စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ အိမ်တွေ၊ ပန်းခြံတွေ၊ သစ်တောတွေ ကို ပြန်တည်ဆောက်နေလို့တောင် လက်စမသတ်သေးခင်မှာပဲ နောက်ထပ် စစ်ပွဲတစ်ပွဲ အချိန်မရွေး ဖြစ်လာဦးမလားလို့ မျှော်လင့်နေကြရတယ်။ ဓာတုဗုံးတွေကြောင့်  ဒဏ်ရာရသူတွေလည်း ကုသခံနေရတုန်း၊ ဆေးရုံတက်နေကြရတုန်းပဲ။ တစ်ခါတလေဆိုရင် သတင်းစာထဲမှာ သူတို့ထဲ တစ်ယောက်ယောက် သေတယ်ဆိုတာလည်း ဖတ်နေရတုန်းပဲ။ အဲဒါတွေ ဘယ်လိုပဲရှိနေနေ ကျွန်တော်တို့ပေါ်မှာ စစ်ငွေ့တွေက လွှမ်းခြုံထားတုန်းပဲ။ နောက်ထပ်စစ်ပွဲတွေကို ဘယ်သူက ဘာကြောင့် စတင် မှာလဲဆိုတာက အရေးမကြီးတော့ဘူး။ နိုင်ငံရေးသမားတွေအားလုံးကလည်း ဆောင်ပုဒ် လှလှပပတွေကို ဟစ်ကြွေးပြီးတော့ လူ့အသက်တွေကို တန်ဖိုးထားပါတယ်လို့ ဟန်ဆောင်ပန်ဆောင် လုပ်နေကြတုန်းပါပဲ။
စာရေးဆရာတစ်ယောက်အနေနဲ့ လူတစ်ယောက်အနေနဲ့ ကျွန်တော် စစ်ထဲမှာ ဝင်မပါချင်ပါဘူး။ ဖြစ်နိုင်ရင် ကျွန်တော်ဟာ စစ်ပွဲတွေ ဘယ်တော့မှ ထပ်မဖြစ်အောင် တားမြစ်ချင်ပါတယ်။ စစ်နဲ့ပတ်သက်လို့ တစ်ခုတည်းသော ခိုင်လုံတဲ့ အကြောင်းပြချက်က ကျူးကျော်တိုက်ခိုက်လာရင် ခုခံဖို့ ပါ။ ဒါပေမယ့် ကံမကောင်းစွာပဲ တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ စစ်ဘုရင်တွေက သူတို စစ်ပွဲကို စရခြင်း အကြောင်းပြချက်ဟာ အမြဲခိုင်လုံတယ်လို့ ထင်မှတ်နေကြပါတယ်။ ဆဒန်ဟူစိန်ဆိုတဲ့ အရူးတစ်ယောက်ဟာ သူ့ကိုယ်သူ အာရပ်ကမ္ဘာရဲ့ အရှင်သခင်လို့ ထင်နေခဲ့တယ်။ ပြီးတော့ အီရန်တောင်ပိုင်းမှာ နေထိုင်တဲ့ အာရပ်တွေကို လွတ်မြောက်စေဖို့ ဆိုပြီးတော့ အီရန်ကို ကျူးကျော်တိုက်ခိုက်လာခဲ့ပါတယ်။ ဒါဟာ သူ တိုက်ခိုက်ရခြင်းရဲ့ အကြောင်းပြချက်လို့ ဆိုပေမယ့်လည်း တကယ့် အဓိကရည်ရွယ်ချက်ကတော့ အီရန်ရဲ့ လောင်စာဆီအရင်းအမြစ်တွေကို သိမ်းပိုက်ချင်လို့ပါ။
အမေရိကန်နဲ့ တိုက်တဲ့ စစ်ပွဲမှာဆိုရင်လည်း ဆဒန်ဟူစိန်ဟာ သူ့ကိုသူ အစ္စလာမ်ဘာသာဝင်တွေကို ဦးဆောင်တဲ့ အစ္စလာမ်ဘာသာကို ကာကွယ်သူ၊ ဘာသာရေးခေါင်းဆောင်တစ်ယောက်လို့ ထင်မှတ်ပြန်ပါတယ်။ ဒါပေမယ့် ကိုယ့်ပြည်သူတွေကိုတောင် ဓာတုဗုံးတွေနဲ့ တိုက်ခိုက်တဲ့လူ၊ အိမ်နီးနားချင်း နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ကူဝိတ်ကိုလည်း ကျူးကျော်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်တို့ ဘယ်လိုယုံကြည်ရမှာလဲ။
စာရေးဆရာတစ်ယောက်အနေနဲ့တော့ ကျွန်တော်တို့နိုင်ငံရဲ့ ရှစ်နှစ်ကြာ စစ်ပွဲထဲမှာ အပျက်အစီး၊ နာကျင်မှုနဲ့ ကပ်ဘေးဒုက္ခကိုပဲ နောက်ဆုံးရလာဒ်အဖြစ် ကျွန်တော်မြင်ပါတယ်။ ကျွန်တော်  ဆယ်နှစ်သား ချာတိတ်အရွယ်ကတည်းက အဲဒီစစ်ပွဲ စတင်ပါတယ်။ ကျွန်တော် အသက်ဆယ့်ရှစ်နှစ် လူလားမြောက်ပြီး အထက်တန်းကျောင်းအောင်တဲ့ အချိန်ရောက်မှ အဲဒီစစ်ပွဲ ပြီးဆုံးပါတယ်။ စစ်သား ငယ်ငယ်ရွယ်ရွယ်လေးတွေဟာ စိတ်အားထက်သန်နေတဲ့ ပြည်သူတွေရဲ့ နှုတ်ဆက်မှုကို ခံယူပြီး စစ်တိုက်ထွက်သွားကြတာကို မြင်တွေ့ခဲ့ရပါတယ်။ နောက် သိပ်မကြာပါဘူး ဓာတ်ပုံတွေထဲမှာ အဲဒီ စိတ်အားထက်သန်တဲ့ ပြည်သူတွေရဲ့ နှုတ်ဆက်မှုနဲ့ပဲ အဲဒီ စစ်သားငယ်လေးတွေကို ထည့်ထားတဲ့ အခေါင်းတွေကို သင်္ချိုင်းကုန်းကို လိုက်ပို့ကြပြန်တာကို တွေ့ရပါတော့တယ်။ ကျွန်တော်တို့ရဲ့ စစ်အတွင်းမှာ တခြားစစ်တွေနည်းတူပဲ အစားအစာ အရမ်းရှားပါးပါတယ်။ မှောင်ခိုဈေးကွက်တွေ ထွန်းကားလာတယ်။ အစားအသောက် ဝေစုရဖို့ တန်းစီနေကြတဲ့ ကီလိုမီတာပေါင်းများစွာ တမျှော်တခေါ် လူတန်းရှည်ကြီးတွေဟာ နေရာတကာမှာရှိနေတယ်။ လျှပ်စစ်၊ ဓာတ်ငွေ့၊ လောင်စာဆီတွေ အကုန် ပြတ်လပ်ကုန်ပါတယ်။
အဲဒီလိုနဲ့ ရှစ်နှစ်ကြာသွားတဲ့အခါ ဘာရလာဒ်တွေများ ထွက်လာလို့လဲ။ အီရန်လူမျိုးတွေ ဒါမှမဟုတ် အီရတ်လူမျိုးတွေဟာ ဘာတွေများ အနိုင်ရလိုက်ပါသလဲ။ စစ်ဆိုတာ နိုင်သူ မရှိဘူး။ နောက်ဆုံးတော့ လူဦးရေသန်းနဲ့ချီတဲ့ သေကြေဒဏ်ရာရသူတွေ ငွေကုဋေပေါင်းများစွာ တန်တဲ့ အပျက်အစီးတွေကိုပဲ ကျန်ရစ်စေတာပါ။ အဲဒီအပြင် ကိုင်တွယ်လို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေကိုလည်း ဘယ်သူမှ တိုင်းတာတွက်ချက်လို့ မရနိုင်ပါဘူး။
စာရေးဆရာတစ်ယောက်နေနဲ့ ကျွန်တော့်အတွက်တော့ စစ်ပွဲရဲ့ရလာဒ်ဟာ ဝတ္ထုတို သုံးပုဒ် ရေးဖြစ်စေပါတယ်။ စစ်အကြောင်းကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ရေးထားတဲ့ ဝတ္ထုတွေပဲပေါ့။ အဲဒီလို စစ်ပွဲအကြောင်း ရေးထားတဲ့ ကျွန်တော့် ဝတ္ထုတိုတွေထဲက နှစ်ပုဒ်ဟာ အီရန်မှာ ဆုတွေ အများကြီးရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် ဒါကို ပျော်ရွှင်ရမှာ ဂုဏ်ယူရမှာ ခက်ခဲလှပါတယ်။ တစ်ဖက်မှာ ထောင်ပေါင်းများစွာသော သေကြေဒဏ်ရာရသူတွေ၊ တစ်ဖက်ကတော့ စကားလုံးတွေ နည်းနည်းပါးပါး ပါတဲ့ ဝတ္ထုတိုလေး နှစ်ပုဒ်။ ဒါဟာ ဘယ်လိုမှ မတရားပါဘူး။
နောက်ဆုံးတော့ ကျွန်တော်ဟာ ဘယ်လိုစစ်ပွဲမျိုးမှ နောက်ထပ် မဖြစ်စေချင်တော့သလို အဲဒီစစ်ပွဲတွေကို အခြေခံပြီး ရေးမယ့် ဝတ္ထုတွေလည်း နောက်ထပ် မပေါ်စေချင်တော့ပါဘူး။
ယာကု(ဘ်) ယာဒလီ
(အီရန်စာရေးဆရာ Yaghoub Yadali ၏ Nobody Likes War, but… စာတမ်းငယ်ကို ပန်ဒိုရာက အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပါသည်။)
Monday, October 8, 2012
" ကား " ကြမယ်လေကောင်းကောင်း...
 ပလန်းကင်းလို့ ခေါ်သည့် နေရာမျိုးစုံတွင်မှောက်လျှက်အိပ်နေသည့် အနေအထားဖြင့် စတန့် 
ထွင်နေပြခြင်းတစ်မျိုးကမ္ဘာတွင်ခေတ်စားခဲ့ လို့ အတုယူလိုက်လုပ်ကြတာ ဒါဏ်ရာအနာတရဖြစ်
ပါမကျန်နေရာစုံလုပ်ကြတာမို့ လွယ်တော့ မလွယ်ပင်...
အခုတော့ ထိုထက်ပင်ပိုမိုခက်ခဲသည့် ပေါင်ကားခြင်းအလေ့ တစ်မျိုး မရိုးရအောင် တရုတ်ရွှေ
ပြည်ကြီးတွင်ပေါ်ပေါက်လို့ လာချေပြီတကား....
အကြောအချင်ပျော့ ပြောင်းသည့် အမျိုးသမီး၊ မိန်းမပျိုလေးများစတင်ကာ စတန့် ထွင်လုပ်လိုက်
တာမို့ ယခုအခါမှာတော့ အမျိုးသားများအပါအ၀င်၊ ကလေးရောခွေးပါမကျန် တရုတ်ပြည်တစ်
လွှား အကုန်ကားကာ အင်တာနက်တစ်ခွင် ပြဲပြဲစင်အောင်တင်ပြခြင်းအမှု ပြုလျှက်ရှိနေကြပါ
တယ်....
ဆောင်ခန်းတွင် ရိုက်ကူးပြီး တရုတ်နိုင်ငံမှ လူကြည့် အများဆုံးဖိုရမ်ဘလော့ ဘ်ဆိုဒ်တစ်ခုဖြစ်
ထိုပုံများတင်ခဲ့ ပြီးကတည်းက တရုတ်ပြည်တစ်လွှားရှိ ပျော့ ပျောင်းနူးညံ့ သည့် မိန်းမပျိုလေးများ
၎င်းတို့ ၏ကော့ လန်ကားနေကြသည့် ပုံများအင်တာနက်တွင် အလုအယက်တင်လာခဲ့ ကြပါ
တော့ တယ်...
ရင်းသောက်ရင်း၊ အင်တာနက်တွင်ချက်ရင်း၊ ဖုံးပြောရင်း၊ ရုံးခန်းတွင်အားအားယားယားထိုင်နေ
ရင်းလည်း ထိုသို့ ကားခြင်းအမှုကို တွင်တွင်ကြီးပြုလုပ်နေကြသည်ဟုဆိုပါတယ်...
ယာဉ်တိုက်မှုဖြစ်လျှင်တာဝန်မယူ...
သြော်.... ဒီလိုဝတ်ပြီး၊ ဒီလိုကားပြမှတော့ အဘယ်သူမကြိုက်ပဲရှိအံ့ နည်း...
ဓါတ်ပုံရိုက်မယ်... ပြုံးပြုံးလေးနေနော်...
 ထီးကလေးနဲ့ မနီ.... ကားမည်...
 ဖွင့် ထွားဖို့ စွင့် ကားစို့ ...
ဘယ်လိုပြောရမလည်းဆိုတော့ ... မြေဓါတ်ယူတာပေါ့ နော်...
ကြိုက်တဲ့ လူလာထား .... ကားထားမယ် ....ရွှေမိတို့ ကတော့ အေးရာအေးကြောင်း...
ဒီတံခါးကတော့ ၉၀ ဒီဂရီအထိဖွင့် လို့ ရပါတယ်...
ရုံးထဲမှာလည်း အလကားနေအလကား... ကားနေတာပါပဲ...
သူတို့ က နဂိုကွဲမို့ ပြိုလဲမှာမပူရပေမယ်....
နောင်ဆို အပေါ့ အပါးသွားယင်တောင် ရိုးရိုးမသွားပဲ ကား သွားတော့ မယ့် သဘောပဲ...
သူတို့ လည်းကားကြတာမို့ ကျူပ်လည်းကားမယ်နော်....
စားလည်းဒီစိတ်၊ အိပ်၍မပျော် နေသော်မရွှင် မယ့် ဖြစ်အင်....
ကိုကိုရေ.... ကားလား... အဲလေ...ကြားလား...   
စိန တိုင်းပြည်ကြီးက မယ်လေးတစ်ယောက်ကစလိုက်တဲ့ မီးဟာ အင်တာနက်တစ်ခွင်
တစ်ဟုန်းဟုန်းလောင်ပါလေရောလား... 
ချစ်သူသိစေ၊ မြင်စေရယ်လို့ သစ္စာထားကာ၊ ချစ်သဒ္ဓါပွားလို့ ကားပေသည်....
ရီဟန်းနား၏ Diamonds တေးသီချင်း ဗြိတိန်နိုင်ငံတွင် လူကြိုက် အများဆုံး ဖြစ်လာ
လော့စ်အိန်ဂျလိစ်အောက်တိုဘာ၈
တောင်ကို ရီးယား ပေါ့ပ် အဆိုတော် Psy  ၏ "Gangnam Style" တေးသီချင်း နေရာတွင် ဘာဘေး ဒီယန်း ပေါ့ပ် အဆိုတော် ရီဟန်းနား၏ "Diamonds"  တေးသီချင်းက အစားထိုး ဝင်ရောက်ကာ ဗြိတိန် နိုင်ငံတွင် လူကြိုက် အများဆုံး ပေါ့ပ်တေး သီချင်း ဖြစ်လာခဲ့ သည်ဟု သိရသည်။
ဗြိတိန်နိုင်ငံ၏ လူကြိုက်အများဆုံး တေးသီချင်း စာရင်းတွင် One Direction အဖွဲ့၏ "Live While We're Young" တေးသီချင်းက နံပါတ်(၃)နေရာ၊ လန်ဒန်မြို့ဖွား အက်ဒယ်လ်၏ ဂျိန်းစ်ဘွန်း ရုပ်ရှင် ဇာတ်ဝင်တေး "Skyfall" က နံပါတ် (၄)နေရာ ရရှိခဲ့ကြောင်း သိရသည်။ ၎င်းစာရင်းတွင် အင်္ဂလိပ် အဆိုတော်နှင့် တေးရေးဆရာ  Ellie  Goulding ၏ "Anything Could Happen"  တေးသီချင်းက ပဉ္စမ နေရာ ရရှိခဲ့ကြောင်း သိရသည်။  
သမ္မတဦးသိန်းစိန် တောင်ကိုရီးယားကို ရောက်ရှိ
ကျေးလက် အဆင့် ကနေ လက်ရှိ ဖွံ့ဖြိုးတဲ့ နိုင်ငံ ဖြစ်လာ အောင် ချမှတ် လုပ်ဆောင် ခဲ့တဲ့ စီမံကိန်းကို လေ့လာ
 တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက် အရ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ၃ ရက်ကြာ ခရီးစဉ် အဖြစ် တောင်ကိုရီးယား နိုင်ငံကို တနင်္လာနေ့မှာ ရောက်ရှိ လာပါတယ်။
တောင်ကိုးရီးယား နိုင်ငံကို ကျေးလက် စက်မှုလုပ်ငန်း အဆင့် ကနေ လက်ရှိ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်လာအောင် ချမှတ် လုပ်ဆောင် ခဲ့တဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး သရုပ်ဖော် ထားတဲ့ သမိုင်းပြတိုက် တခုကို သမ္မတ ဦးသိန်းစိန် သွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။အင်္ဂါနေ့မှာတော့ ဦးသိန်းစိန်ဟာ တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
နှစ်နိုင်ငံကြား ချစ်ကြည်ရေး၊ အစိုးရပိုင်း နဲ့ ပုဂ္ဂလိကပိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အဓိကထား ဆွေးနွေးသွားဖို့ရှိကြောင်း၊ နောက်ပြီး လျှပ်စစ်လို အခြေခံ အဆောက်အအုံပိုင်း အပါအဝင် ကိုးရီးယားရဲ့ ရင်းနှီးမြှပ်နှံမှု တွေကို ကြိုဆို သွားဖို့ ရှိကြောင်း သမ္မတရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဒေါက်တာ နေဇင်လတ်က ဘီဘီစီကို ပြောပါတယ်။
မြန်မာသမ္မတက တောင်ကိုးရီးယား နိုင်ငံရဲ့ ရင်းနှီး မြှပ်နှံမှုတွေ အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာ့ စီးပွားရေး တိုးတက်လာဖို့ တောင်ကိုးရီးယား အနေနဲ့ ဆက်လက် ကူညီသွားဖို့ မျှော်လင့်ကြောင်း ရောက်တဲ့နေမှာ ပြောဆိုခဲ့ ပါတယ်။
ဒီခရီးစဉ်မှာ သမ္မတနဲ့ အတူ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ စက်မှုဝန်ကြီး ဦးအေးမြင့် တို့အပြင် သမ္မတရုံး ဝန်းကြီးများ ဖြစ်ကြတဲ့ ဦးစိုးသိန်းနဲ့ ဦးတင်နိုင်သိန်း တို့လည်း လိုက်ပါသွား ကြပါတယ်။
သမ္မတဟာ စစ်ဘက်ရေးရာ ကုမ္ပဏီတွေဆီကို သွားရောက် လည်ပတ်မယ်လို့ သတင်းတွေ ထွက်နေပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မြန်မာနဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံမှုအပေါ် တောင်ကိုးရီးယားဘက်က စိုးရိမ်မှုတွေ ရှိနေသလို တောင်ကိုးရီးယားရှိ Daewoo ကုမ္ပဏီကနေ စစ်ဘက်သုံး စက်ပစ္စည်းတွေ မြန်မာဘက် ရောင်းချခဲ့မှုအပေါ် တောင်ကိုးရီးယားနိုင်ငံတွင်း တရားစွဲဆိုခံရတဲ့အထိ ဖြစ်ပွားခဲ့တဲ့အကြောင်း ဆိုးလ်မြို့ရှိ NLD-LA က ဦးရန်နိုင်ထွန်းက ပြောပါတယ်။
အိုဘားမား နိုင်ငံခြားရေး မူဝါဒ ရော်မနေဝေဖန်
ရီပါ့ဘလစ်ကန် သမ္မတလောင်း မစ်ထ် ရော်မနေ
 အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံခြား ရေးရာ မူဝါဒနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားကို ရီပါဘလစ်ကန် သမ္မတလောင်း မစ်ထ် ရော်မနေက ပြင်းပြင်းထန်ထန် တိုက်ခိုက် ပြောကြား လိုက်ပါတယ်။အရှေ့အလယ်ပိုင်း ပဋိပက္ခဟာ အိုဘားမား သမ္မတ စဖြစ်ခဲ့တဲ့ ကာလတုန်း ကထက် ပိုပြီး ကြီးထွား လာနေတယ်လို့ မစ္စတာ ရွန်မနေက ဆိုပါတယ်။
သမ္မတ အိုဘားမားရဲ့ ခေါင်းဆောင်မှုဟာ နောက်ကောက်ကျနေပြီး ကမ္ဘာတလွှားက ဖြစ်ပျက်သမျှတွေမှာ အိုဘားမားရဲ့ မှားယွင်း တွက်ဆမှုကြောင့် တိုင်းပြည်က စုပုံခံ နေရတယ် ၊ တလောတုန်းက လစ်ဗျားမှာ အမေရိကန် သံအမတ် အသတ်ခံရမှုဟာ အလျဉ်းသင့်လို့ ဖြစ်သွားတဲ့ ကိစ္စမဟုတ်ဘဲ အယ်ကိုင်းဒါးတွေရဲ့ လက်ချက် ဖြစ်တယ် လို့ ဗာဂျီးနီးယား ပြည်နယ် မိန့်ခွန်းမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် မဟာမိတ်တွေနဲ့ ပေါင်းပြီး အမေရိကန် တွေအပေါ် ယုံကြည် အားကိုးတဲ့ ဆီးရီးယား အတိုက်အခံတွေကို လက်နက် တပ်ဆင်ပေးမယ် လို့ သူက ကတိပေး ပြောကြားခဲ့ပါတယ်။
သမ္မတ အိုဘားမားဟာ အစ္စရေး ဘေးဖယ်ထားတဲ့ အတွက် အမေရိကန်ရဲ့ ရန်သူတွေ အထူးသဖြင့် အီရန်ကို ပိုပြီး ခေါင်းထောင် လာစေတယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီမိတ်ဆွေ ပါတီ အစည်းအဝေး
ချင်းတိုင်းရင်းသား
  မြန်မာ နိုင်ငံမှာ ဒေသ တခုချင်း အလိုက်၊ တိုင်းရင်းသား ပြည်နယ်တွေ အလိုက် စီမံခန့်ခွဲခွင့် အပြည့်ရရှိတဲ့ စနစ် ကို ဖေါ်ဆောင်နိုင်ရေး အတွက် ဒီမိုကရေစီ ၁ဝ ပါတီ အစည်းအဝေး ကနေ သဘောတူ လိုက်ကြပါတယ်။
ဒီမိုကရေစီ ၁ဝ ပါတီထဲမှာ ရှမ်း၊မွန်၊ ကရင်၊ ချင်း၊ ရခိုင် စတဲ့ တိုင်းရင်းသားပါတီ တွေပင် မကပဲ ပြည်မ က ပါတီတွေ ဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီ၊ NDF၊ ဒီငြိမ်း၊ ညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ စတာတွေ နဲ့ စုစည်းထားတာပါ။
ဖယ်ဒရယ်ပြည်ထောင်စု စနစ် ကို အကောင်အထည်ဖေါ် ဆောင်ရွက်ဖို့ ကို ဒီအစည်းအဝေး ကနေ သဘောတူညီမှု ရခဲ့တယ်လို့ ညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးထွန်းရွှေ က ဘီဘီစီ ကို ပြောပါတယ်။ ဒီမိုကရေစီပါတီ အနေနဲ့ ချဉ်းကပ်ရမှာ ကတော့ အနာဂတ်လမ်းကြောင်း အတွက် ပြည်ထောင်စု တရပ် ဖွဲ့စည်းသင့်တယ် ဆိုတဲ့ အခြေခံ အပေါ်မှာ သဘောတူကြတဲ့ အကြောင်း ရှင်းပြသွားတါပါ။
လာမယ့် ၂ဝ၂ဝ ခုနှစ်အတွင်းမှာ စစ်မှန်တဲ့ ဖယ်ဒရယ်စနစ် ကျင့်သုံးနိုင်ဖို့ အစွမ်းကုန် ကြိုးစားမယ့် အကြောင်း၊ ဖယ်ဒရယ် ဆိုရင် အများက တိုင်းရင်းသား အရေး လို့ပဲ မြင်ကြလို့၊ အမှန် က ဖယ်ဒရယ်စနစ် ဟာ တနိုင်ငံလုံးရှိ ၇ တိုင်း နဲ့ ၇ ပြည်နယ် အတွက် တန်းတူ ညီမျှတဲ့ အခွင့်အရေးတွေ ကို တပြေးညီညာ ရစေဖို့၊ စီမံ ခန့်ခွဲပိုင်ခွင့် ကို ဒေသ အလိုက် အမြင့်ဆုံး အဖွဲ့၊ တိုင်း အဆင့် ကနေ ရပ်ကျေး အထိ ရရှိဖို့ သာ ဖြစ်ကြောင်း၊ ပြည်ထောင်စုပြိုကွဲအောင် ဖယ်ဒရယ် ထူထောင်လိုတာ မဟုတ်တဲ့ အကြောင်း တွေကိုလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဗဟို အလုပ်အမှုဆောင် စောသန်းမြင့် က ဘီဘီစီ ကို ရှင်းပြသွား ပါတယ်။
လူမင်းတို့မိသားစု ၅ ရက်တာ စင်ကာပူ အပန်းဖြေ အမှတ်တရများ
မိသားစုကို အချိန်ပေးရင်း အပန်းဖြေခရီးအဖြစ် စင်ကာပူကို စက်တင်ဘာ
၁၉ ရက်နေ့က သွားခဲ့တဲ့ လူမင်းတို့ မိသားစုက ၂၃ ရက်နေ့ မှာ ပြန်ရောက်ခဲ့ ပါတယ်။ မိသားစု အပန်းဖြေခရီး အဖြစ် ပထမဆုံး ဖြစ်တာကြောင့် သားနဲ့သမီးက တအား လည်း ပျော်သလို ကိုယ်တိုင်ကလည်း စိတ်ကျေနပ် ပျော်ရွှင်ရတယ် လို့ဆိုတဲ့ လူမင်းကို ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးကြည့် ဖြစ်တော့ ..”စင်ကာပူကို သွားတာ က အသုံးစရိတ် နည်းနည်း ကြီးပေ မယ့် သွားရလာရတာ ကောင်း တယ်။ ယူနီဗာဆယ် စတူဒီယို၊ ဆန်တိုဆာ တို့ဆိုတာ ကလးတွေ ကိုပို့လို့ကောင်းတဲ့ နေရာလည်း ဖြစ်တယ်။ ဒါပေမဲ့ အခုတောင်မှ သားနဲ့သမီးက ငယ်သေးတယ်။ သားဆို လေယာဉ်ပေါ်မှာ သူ့အတွက် ခုံသက်သက် ထိုင်ခိုင်းဖို့က ခက်သေး တယ်။ နိုင်ငံခြား ခရီးသွားဖို့ ငယ်သေး တယ်။ အနည်းဆုံး၆နှစ်၊ ၇နှစ် လောက် သိတတ် တဲ့ အရွယ်မှ သွားတာကောင်းတယ်။ ကိုယ်ကလည်း မအားတာနဲ့ ကလေး တွေနဲ့သွားဖို့ ဒီရက်ကို မဖြစ်ဖြစ်အောင် သွားလိုက်တာ။ အလုပ်များတဲ့ သူ ဆိုတော့ မိုးလင်းသွား၊ မိုးချုပ်ပြန် ဆိုတော့ တစ်ခါတလေ မတွေ့ရဘူး။ “အခု သွားတော့ အဖေ၊ အမေကို တအား ကပ်တယ်။ မိဘတွေနဲ့ သွားတာ တအားပျော် ကြတယ်။ မိသားစုလိုက် ခရီးသွားရ တာလောက် ပျော်စရာ ကောင်းတာ မရှိဘူး” လို့ ပြောပြပါတယ်။ သမီးဖြစ်သူ ဧရာဝတီ လူမင်းက ဈေးဝယ်ထွက်တဲ့ အခါသူ့ စိတ်ကြိုက် အင်္ကျီ၊ အရုပ်၊လွယ်အိတ် တွေကို ကိုယ်တိုင် ဝယ်ဝတ် တယ်လို့လည်း ပြောပြ ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့ ခရီးက ပြန်ရောက် တဲ့နေ့မှာ ဧရာဝတီ လူမင်းရဲ့ ၄နှစ် ပြည့် မွေးနေ့ဖြစ်တာ ကြောင့် အိမ်မှာပဲ မိသားစုတွေနဲ့ မွေးနေ့ပွဲလေး လုပ်ဖြစ်တယ် လို့လည်း ပြောပြပါတယ်။ “သမီးက ဒီမရောက်ခင်ကတည်း က သူလို ချင်တဲ့ Sedona က မွေးနေ့ကိတ်၊ ပန်းစည်းကို ကြိုပြီးမှာ ထားတယ်။ သမီးကို ဘာလိုချင် လဲဆိုတော့ စင်ကာပူ မှာကတည်းက အသည်းပုံ ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက် ဝယ်ပေး ဖို့ပြောထားတာ။ ဒီပြန်ရောက်တော့ အဲဒီနေ့က မဝယ်ပေး ဖြစ်ဘူး။ ဒါပေမဲ့ သမီးက စင်ကာပူ မှာ”ဝယ် လာ တာ များသွားပြီ။ မဝယ်ပေး နဲ့တော့” လို့ပြောတယ်။ "သိတတ် တာပေါ့” လို့ ပြောပြ ပါတယ်။ အပန်းဖြေ ခရီးစဉ် အဖြစ် စင်ကာပူကို သွားဖို့ အတွက် ၁လ လောက် ထဲက ကားရိုက်တွေ၊ အလုပ်တွေကို ရွှေ့ထားပြီး ဒီခရီးစဉ် အတွက်နောက်သွားမယ့် တရုတ် ပြည် ခရီးစဉ် ကိုတောင် လက် လွှတ်ပြီး သွား လိုက်ရတယ်လို့ ပြောပြခဲ့ပါတယ်။ 
လက်ရှိ ဂီတ အစည်းအရုံးသစ်က ပွင့်လင်းမြင်သာမှု ရှိတယ် ထင်ကြောင်း ကျားပေါက်ပြော
လက်ရှိ ဂီတ အစည်းအရုံးသစ်က ပွင့်လင်းမြင်သာမှု ရှိတယ်လို့ ထင်တဲ့ ကျားပေါက်
(ဟန်ထူးလွင်)တို့ Big Bag ရဲ့နောက်ထပ် တီးဝိုင်း တစ်ခုဖြစ် တဲ့ Blood Sugar Politik တီးဝိုင်းက စက်တင်ဘာ ၂၉ ရက်နေ့ မှာတော့ အင်းယားလိတ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ rock on the lake ဖျော်ဖြေ ပွဲ မှာလည်း ဖျော်ဖြေခဲ့ပါတယ်။ အဲဒီ ပွဲကတော့ Blood Sugar Politikt အနေနဲ့ ပြင်ပက လာခေါ် ပြီးဆိုဖြစ်တာ ပထမဆုံး ပွဲပဲ ဖြစ်ပါတယ်။ အဲဒီနေ့ပွဲမှာ လည်း ပရိသတ်ကို အကောင်းဆုံး တင်ဆက်နိုင်ခဲ့ တဲ့ ကျားပေါက်က လတ်တလော မှာတော့ ဂီတ အစည်းအရုံး ကိစ္စတွေ နဲ့ အလုပ် ရှုပ်နေတယ် လို့လည်း သိရပါတယ်။ “ကျွန်တော်က နိုင်ငံခြား ဆက်ဆံရေး တာ ဝန်ယူထားတာ ဆိုပေမယ့် ကိစ္စ အားလုံး ကို အတူတူ ပေါင်းရှင်း နေရတုန်းပဲ။ တစ်ယောက်စီ လုပ်ချင် တာလေးတွေ ရှိပေမယ့် အားလုံး အရင်အရေးကြီးတာတွေ ရှိသေး တယ်။ FM တွေနဲ့ ညှိရတာတို့၊ ပိုက်ဆံပေး စရာ ကျန်တာတို့ အဲဒါတွေ ရှိသေးတယ်။ ပြီးတော့ ကျွန်တော်တို့မှာ Laws တို့၊ Rules တို့ အခိုင်အမာ မရှိသေးဘူး။ အဲဒါကိုလည်း ဥပဒေပြု ကော်မတီ ဖွဲ့ဖို့ကို တစ်ဆင့်ချင်း လုပ် ရမှာပဲ” လို့ ကျားပေါက်က ပြောပါတယ်။ ကျားပေါက် အနေနဲ့ ရုံးကိစ္စ လုပ်ငန်းတွေကို သိပ်နားမလည် ပေမယ့် လုပ်စရာရှိ တာတွေ အားလုံးကိုတော့ တတ်နိုင်သ လောက် လုပ်မှာဖြစ်ပြီး အားလုံးက ပွင့်ပွင့်လင်း လင်း ရှိကြတဲ့ အတွက် တအားကြီး ရုံးကိစ္စ တော့ မဆန်ပါဘူး လို့လည်း ကျားပေါက်က ပြောပါတယ်။ အနုပညာ အလုပ် တွေ အပြင် အစည်းအရုံး ကိစ္စ တွေပါ တွဲပြီး လုပ်နေရတဲ့ ကျားပေါက် ကို အနုပညာ ဖန်တီး မှုမှာ အရင် ထက် အားလျော့ သွားနိုင်မလား ဆို တော့.. “အားကတော့ ဒီအလုပ်တွေ မလုပ် လည်း လျော့နေတာပါပဲ။ ဒါတွေကတော့ မလုပ်လို့ မရတဲ့ အရာတွေ ဆိုတော့ လုပ်နေရ တာပါပဲ။ အရင်ကလည်း လျော့တယ် ဆိုတာ က မိန်းမနဲ့ ကလေး နဲ့ဖြစ် လာတော့ ကျောင်းပို့ ကျောင်းကြို ကိစ္စတွေနဲ့ ဘာနဲ့ ဆိုတော့ ဟိုးလူငယ် ဘဝလောက်တော့ ဘယ်ဟုတ် တော့မလဲ။ ဒါပေမဲ့ တကယ် လုပ်ပြီ ဆိုရင်တာ့ အားလုံးကိုမေ့ ပြီး စိတ်နှစ်ပြီး လပ်ရမှာပဲ” လို့ ကျားပေါက်က ပြောပါတယ်။ ကျားပေါက် က အသက်အရွယ် ရလာတာ နဲ့အမျှ အရာရာပြီး စလွယ် မလုပ်တော့ ဘဲ သီချင်း တီးတဲ့ အပိုင်း ကအစ တူရိယာ တစ်ခုချင်း ရဲ့အသံ ကို သေ သေချာချာ စိစစ်ပြီးတော့ ဖန်တီး ဖြစ်တယ် လို့လည်းပြော ပါတယ်။ ဆက်လက်ပြီး ကျားပေါက် က အခု ဂီတ အစည်းအရုံး အနေနဲ့ ပွင့်လင်း မြင်သာမှု ရှိတယ်လို့ ထင်မိပြီး အကုန်လုံးကို အချိန်နဲ့ တစ်ပြေးညီ မီဒီယာတွေမှာ ဖော်ပြ နေတဲ့ အတွက် အဲဒီ အချက် ကတော့ အကြီး အကျယ် အားသာတယ်လို့ မြင်မိပါတယ် လို့ လည်းဆိုခဲ့ပါတယ်။
သရဲကားများပေါ် သရုပ်ဆောင် ခန့်စည်သူ၏ အမြင်
သစ္စာရှင်တမ်း’ ဇာတ်ကားကို ရိုက်ကူး ဖို့အတွက် ဝတ္ထုကို စာရေး ဆရာမ လွန်းထားထား ဆီက ဝယ်ထားတာ ကြာပြီ ဖြစ်ပေမယ့် မရိုက် ဖြစ်ခဲ့ဘဲ အခု နောက်ပိုင်း ဆင်ဆာ လျှော့ပေါ့ လာတာကြောင့် အခုမှ ရိုက်ကူး ဖြစ်တယ်လို့ ခန့်စည်သူက ပြောပါတယ်။
”အရင်တုန်း က ဝယ်ထားပေမယ့် ဒီ ဝတ္ထုက အဲဒီခေတ် ကာလ အခြေ အနေက ဆင်ဆာ ခွင့်ပြုချက် မရနိုင်ဘူးလို့ ယူဆတာနဲ့ မရိုက်ဖြစ်တာ။ ဒီဇာတ်ကို နောက်မင်းသား တစ်ယောက်ကလည်း လာဝယ်သေးတယ်။ အခု ဆင်ဆာ ခွင့်ပြုချက် လျှော့ပေါ့ လာတော့ ရိုက်ဖြစ်တာပါ။ လူတစ်ယောက်နဲ့ ပုံစံ ချွတ်စွပ်တူတဲ့ မျက်နှာကို ပြင်လိုက်ပြီး လိုက်လက်စားချေ တဲ့ ဇာတ်မျိုးပေါ့။ မိုးဟေကို နဲ့ ခင်သဇင် ကတော့ အဓိက လုပ်ရမယ်။ မိုးဟေကို ကတော့ ဝါရင့် ဆိုတော့ ကိစ္စမရှိဘူး။ ခင်သဇင် ကိုတော့ သေချာ အိုက်တင် ပြောပြပေး ရမှာပေါ့။ အရင်တုန်း က ဒီလိုပဲ နှစ်ကိုယ်ခွဲ ရိုက်ဖူးတယ်”လို့ ဇာတ်လမ်း နဲ့ ပတ်သက်ပြီး ခန့်စည်သူက ပြော ပါတယ်။
လတ်တလောထွက်ထားတဲ့ ‘အချိုဇယားသား အရက်သမားသား’ ဇာတ်ကားမှာ ဇင်ဝိုင်း၊ မို့မို့မြင့်အောင်၊ မေကဗျာ တို့နဲ့ ရိုက်ကူးထားပြီး အဖေကို အဖေမှန်း မသိဘဲ သတ်မလို့ လုပ်တာကြောင့် မြေမျိုခံရတဲ့ သူ တစ်ယောက်အဖြစ် ခန့်စည်သူက သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကား ရိုက်ဖြစ်ခဲ့ရခြင်းနဲ့ ပတ် သက်ပြီး ခန့်စည်သူက .. ”ဒီဇာတ်က ဦးဒေါန ယူလာပေးတာ။ မြန်မာလည်း ဆန်တယ်။ သား၊ သမီးက မိဘကို သိလို့ ဖြစ်ဖြစ်၊ မသိလို့ ဖြစ်ဖြစ် စော်ကားရင် ကံကြီး ထိုက်တတ်တယ် ဆိုတာကို ပြထားတာပါ။ ပရိသတ်တွေကလည်း အားပေး ကြတယ်။ အဲဒါကလည်း အရင် တုန်းက ဒီလိုရိုက်ခွင့်မှ မရှိတာ။ အခု သရဲကားတွေ ရိုက်လာတာကလည်း ရွံစရာကောင်းအောင် ရိုက်တာထက် ချစ်စရာ ကောင်းအောင် ရိုက်တာက ပိုကောင်းပါတယ်” လို့ ပြောပြခဲ့ ပါ တယ်။
လေယာဉ်မယ်အလုပ် ထွက်ပြီး အနုပညာ လောကထဲ ရောက်လာသူ ခင်သဇင်
အိုး..ဟော့တယ်’ ဗီစီဒီနဲ့ ပရိသတ်တွေ သိခဲ့တဲ့ ခင်သဇင်က ‘ကာလာစုံ Lesson’  ဒီဗီဒီ ဇာတ်ကား တစ်ကား ရိုက်ကူးထားပါ တယ်။ခင်သဇင် က ဒါရိုက်တာဇေပါ ရိုက်ကူး တဲ့ ‘သစ္စာရှင်းတမ်း’ ဇာတ်ကား မှာတော့ ခန့် စည်သူ၊ မိုးဟေကို တို့နဲ့ ရိုက်ကူးနေ ပါ တယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားတယ် ဆိုတဲ့ ခင်သဇင်က… “ဇင် က ကိုခန့်နဲ့ လွန်ခဲ့တဲ့ ၆နှစ် လောက်ကတည်းက မောင်နှမ တွေလိုပဲ ခင်နေ တာ။အဲဒီ ကတည်းက Valentine Day အတွက် ရတီ ကာဗာ ရိုက် ချင် တယ် ဆိုတာနဲ့ ရိုက်ကြည့် ဖြစ်တယ်။
အဲဒီ ကတည်းက ကိုခန့်က သရုပ်ဆောင် လုပ် ကြည့်ဖို့ တိုက်တွန်း တယ်။ ကိုယ်ကလည်း Air Bagan မှာ လေယာဉ်မယ် လုပ်နေတယ် ။မော်ဒယ် လည်း မလုပ်ဖူးဘူး။ နောက် အလုပ်က ထွက်လိုက် တော့ စိုင်းစိုင်းနဲ့ ‘အိုး..ဟာ့တယ်’ ဗီစီဒီ စရိုက်ဖြစ် တယ်။ အဲဒီ သီချင်း ကလည်း ပေါက်သွား တော့ အိုး.ဟော့တယ် ခင်သဇင် ဆိုပြီး သိကြပြီး ဓာတ်ပုံတွေ ရိုက်ဖြစ် တယ်။ နောက် စိုင်းစိုင်း ခမ်း လှိုင် နဲ့ ဖွေးဖွေး ဒီဗီဒီ ရိုက်ဖို့ ကမ်းလှမ်း တာနဲ့ ရိုက်ဖြစ်တယ်။ ရိုက်ပြီး မကြာဘူး၊ ကိုခန့်က ဒီကားကို ရိုက်ဖို့ ပြောတာနဲ့ ရိုက်ဖြစ်တာ။ ဇင်က မမိုး (မိုးဟေကို) နဲ့ တွဲပြီး လုပ်ရတယ်။ ကိုယ့် ထက် စီနီယာလည်း ကျတော့ ကိုခန့်၊ မမိုး တို့ သင်ပေးတဲ့ အတိုင်း လုပ်မှာပါ။ အကောင်းဆုံး ဖြစ်အောင် လုပ်မှာ ပါ။
ဇာတ် လမ်း စပြီဆိုကတည်းက မမိုးနဲ့ မတည့်တဲ့ သူတွေပေါ့။ ဇင်ရဲ့ ဒုတိယမြောက် ကားဖြစ်တယ်။ အကောင်းဆုံး လုပ်ပေမယ့် အမှားပါခဲ့ ရင် ပရိသတ် တွေ ခွင့်လွှတ်ပါ လို့ ပြောချင်ပါတယ်” လို့ ပြောပြပါ တယ်။ ပရိသတ်တွေ ဆီက တော်တယ် လို့ မချီးမွမ်း ရင် တောင် မဆိုးပါဘူး လို့ သတ်မှတ်တာ ကို လိုချင် ပြီး အနုပညာ အလုပ်ကို လုပ်မယ် လို့ ရည်ရွယ် မထားဘဲ လုပ်ဖြစ်ပေမယ့် လုပ်နေတဲ့ အချိန် မှာတော့ စိတ် စေတနာ အပြည့်နဲ့ ပရိသတ် အတွက် အကောင်းဆုံးလုပ် သွားမယ်လို့ ခင်သဇင် က ပြောပြ ခဲ့ပါ တယ်။
လက်ရှိ အခြေအနေသည် အားလုံး ကောင်းသည့် အခြေနေ မဟုတ် သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
"နိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ကတော့ ကျွန်မ အမြဲတမ်း ပြောခဲ့ပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီ ရသေးတဲ့ နိုင်ငံမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့ စနစ်က ဒီမိုကရေစီ စနစ်လို့ ပြောလို့ မရသေးပါဘူး။ လက်ရှိ အခြေအနေအရ ဒီမိုကရေစီလမ်းကို လျှောက်နိုင်တဲ့ အခြေအနေ ရောက်လာတယ် ဆိုတာကို ရှင်းပြဖို့ သွားတာပါ။ ဒီမိုကရေစီ လမ်းစကို ရောက်တယ်ဆိုတာဟာ ဖြူးဖြောင့်နေတဲ့ လမ်း မဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်တိုင် ဖောက်ယူရမယ့် လမ်းပါ။
ကျွန်မတို့ ကိုယ်တိုင်ဆိုတာ ဘယ်သူတွေလဲ ဆိုတော့ အဓိကကတော့ ပြည်သူလူထုပဲ။ ပြည်သူလူထုနဲ့ ကျွန်မတို့ အမြဲ လက်တွဲ လုပ်ကိုင်ခဲ့တဲ့ ဒီမိုကရေစီ အင်အားစုတွေ ဖောက်ယူရမယ့် လမ်း ဖြစ်ပါတယ်။ ဒီလိုပြောလို့ အစိုးရကရောလို့ တချို့ကမေးလိမ့်မယ်။ အစိုးရကတော့ ပြည်သူလူထုရဲ့ ဆန္ဒအရ လိုက်လုပ်ရမှာပါ။ ဒါမှလည်း ဒီမိုကရေစီ ကျမှာပါ။ ကျွန်မတို့ ဖောက်တဲ့ နေရာမှာလည်း အများကြီး သတိထားဖို့ လိုတယ်။ အများကြီးလည်း ကြိုးစားဖို့ လိုတယ်ဆိုတာ ကျွန်မ ပြောချင်ပါတယ်။
တချို့က ဆိုလို့ရှိရင် အခုအခြေအနေကို အားလုံး ကောင်းနေပြီလို့ အလွန်အကဲ အကောင်းမြင်တယ်လို့ ပြောရမှာပေါ့။ အားလုံး ကောင်းနေတဲ့ အခြေအနေ မဟုတ်သေးပါဘူး ဆိုတာကိုလည်း ကျွန်မတို့ သဘောပေါက်ဖို့ လိုတယ်။ အားလုံး ကောင်းအောင် လုပ်ရမယ့် အခြေအနေပါ။ လုပ်နိုင်ဖို့လည်း အခွင့် အလမ်းတော့ ရှိလာပြီ" ယနေ့နံနက် ၁၁ နာရီခွဲ အချိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၌ ကျင်းပပြုလုပ်သည့် အမေရိကန် ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
သမ္မတ လုပ်ရဲသည့်စိတ် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အမေရိကန် နိုင်ငံ နယူးယောက်မြို့သို့ ၁၇ ရက်ကြာ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက် ၁၁ နာရီ ခွဲအချိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၄င်းအနေဖြင့် အမေရိကန်သို့ သွားရောက်ခဲ့ခြင်းမှာ အကြောင်းချက် နှစ်ရပ် ရှိကြောင်း ပထမအချက်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်း ပေါ်ပေါက်ရန် အတွက် ကာလ ရှည်ကြာ ကူညီမှုပေးခဲ့သည့် အမေရိကန် နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားရန်၊ ဒုတိယ အချက်မှာ မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို ပြောပြရန် အတွက်ဖြစ်ကြောင်း ဆိုသည်။
ယင်းနောက် တက်ရောက်လာသည့် သတင်းသမားများမှ မေးခွန်းများ မေးမြန်းရာတွင် နိုင်ငံတော် သမ္မတ လုပ်ချင်စိတ် ရှိပါသလား မေးခွန်း အပေါ် မိမိသည် ပါတီတစ်ခု၏ ခေါင်းဆောင်ဖြစ်သောကြောင့် သမ္မတ ဖြစ်ရဲသည့် စိတ်ဓာတ်ရှိပါကြောင်း ပြည်သူလူထုမှ လိုလားလျှင် သမ္မတ လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျူးတွင် ယခင် စစ်အစိုးရ၏ လုပ်ဆောင်ခဲ့မှုများ အပေါ် ၀န်ချ တောင်းပန်ရန် မလို ဟူသော သဘောရှိသည့် ဖြေကြားချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၀န်ချ တောင်းပန်မှု လုပ်ဆောင်သင့်သည်ဟု မှတ်ချက် ပြုလိုပါသလား မေးမြန်းချက် အပေါ် မိမိသာဆိုလျှင် အမှား ပြုလုပ်ထားပါက ချက်ချင်း ၀န်ချ တောင်းပန်လိုက်ခြင်း စိတ်ပေါ့ပါးမှု ဖြစ်စေမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသည် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ပြည် တွင်း ပြည်ပ သတင်း မီဒီယာများ တက်ရောက်ခဲ့ကြသည်။
မကြာမီတွင် ခြေစွမ်းပြ ဂိုးသွင်းနိုင်မည်ဟု ဖာဂူဆန်မှ ယုံကြည်နေသည့် ရွန်းနီ
မန်ယူနည်းပြ ဖာဂူဆန်မှ အသင်း၏ တိုက်စစ်မှူး ရွန်းနီ သည် ပေါင် ဒဏ်ရာမှအပြည့်အ၀ ပြန်လည် သက်သာလာပြီ ဖြစ်သောကြောင့် နောက် တစ်ကြိမ် ခြေစွမ်းပြ ပေါက်ကွဲရန် အသင့်ဖြစ်နေပြီဟု မိမိ ယုံကြည် ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ သည်။
ရွန်းနီသည် ယခုနှစ် ရာသီအစ တွင် စိုးရွားသော ပေါင်စုတ်ပြဲ ဒဏ်ရာ နှင့် အတူခြေစွမ်းပြနိုင် ရန် ရုန်းကန်နေရသူ ဖြစ်သည်။ သို့သော် လည်း မန်ယူနည်းပြ ဖာဂူဆန်က ရွန်းနီသည် ယခုအခါတွင် ကြံ့ခိုင်မှု အပြည့် အ၀ ပြန်လည် ရရှိလာပြီ ဖြစ်ကာ လေ့ကျင့်ရေးကွင်းတွင် ပြသခဲ့သည့် ခြေစွမ်းအရ ယမန်နှစ်က ခြေစွမ်းမျိုး ထပ်မံပြသနိုင်မည်ဟု ယူဆနေ ကြောင်း သိရသည်။
“ရွန်းနီက ကြံ့ခိုင်မှု ပြည့်ဝလာ ပါပြီ။ လေ့ကျင့်ရေးကွင်းမှာ လည်း သူအကောင်းဆုံး လုပ်တောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်အထင်အရ ပွဲအနည်းငယ် အတွင်းမှာပဲ သူဂိုးပြန်သွင်းနိုင် ပါလိမ့်မယ်။ ရွန်းနီ နဲ့ ဗန်ပါစီက တစ်ယောက် ကို ဂိုး(၂၀)သွင်းနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု ဖာဂူဆန်မှ ခန့်မှန်းပြောဆိုခဲ့ သည်။