468x60 Ads

Monday, October 8, 2012

သမ္မတ လုပ်ရဲသည့်စိတ် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အမေရိကန် နိုင်ငံ နယူးယောက်မြို့သို့ ၁၇ ရက်ကြာ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက် ၁၁ နာရီ ခွဲအချိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၄င်းအနေဖြင့် အမေရိကန်သို့ သွားရောက်ခဲ့ခြင်းမှာ အကြောင်းချက် နှစ်ရပ် ရှိကြောင်း ပထမအချက်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်း ပေါ်ပေါက်ရန် အတွက် ကာလ ရှည်ကြာ ကူညီမှုပေးခဲ့သည့် အမေရိကန် နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားရန်၊ ဒုတိယ အချက်မှာ မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို ပြောပြရန် အတွက်ဖြစ်ကြောင်း ဆိုသည်။
ယင်းနောက် တက်ရောက်လာသည့် သတင်းသမားများမှ မေးခွန်းများ မေးမြန်းရာတွင် နိုင်ငံတော် သမ္မတ လုပ်ချင်စိတ် ရှိပါသလား မေးခွန်း အပေါ် မိမိသည် ပါတီတစ်ခု၏ ခေါင်းဆောင်ဖြစ်သောကြောင့် သမ္မတ ဖြစ်ရဲသည့် စိတ်ဓာတ်ရှိပါကြောင်း ပြည်သူလူထုမှ လိုလားလျှင် သမ္မတ လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျူးတွင် ယခင် စစ်အစိုးရ၏ လုပ်ဆောင်ခဲ့မှုများ အပေါ် ၀န်ချ တောင်းပန်ရန် မလို ဟူသော သဘောရှိသည့် ဖြေကြားချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၀န်ချ တောင်းပန်မှု လုပ်ဆောင်သင့်သည်ဟု မှတ်ချက် ပြုလိုပါသလား မေးမြန်းချက် အပေါ် မိမိသာဆိုလျှင် အမှား ပြုလုပ်ထားပါက ချက်ချင်း ၀န်ချ တောင်းပန်လိုက်ခြင်း စိတ်ပေါ့ပါးမှု ဖြစ်စေမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသည် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ပြည် တွင်း ပြည်ပ သတင်း မီဒီယာများ တက်ရောက်ခဲ့ကြသည်။

0 comments:

Post a Comment