468x60 Ads

Monday, October 8, 2012

နူးကမ့်တွင် သရေကျခဲ့သည့် အယ်လ်ကလက်စီကို တိုက်ပွဲ (သို့မဟုတ်) မက်ဆီ ၂ - ၂ ရော်နယ်လ်ဒို

စပိန် လာလီဂါ၏ နာမည်ကျော် အယ်လ်ကလက်စီကို ပွဲစဉ်အဖြစ် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့၏ အားပြိုင်မှုသည် (၂)ဂိုးစီ သရေဖြင့်သာ ပြီးဆုံးခဲ့ရသည်။
နူးကမ့်တွင် ကစားသည့် ပွဲစဉ်သည် နှစ်သင်းလုံး အတွက် အရေးပါခဲ့ပြီး ဘာစီလိုနာ အသင်းက ပက်ဒရို ရိုဒရီဂွတ်ဇ်၊ ဆက်စ်ဖာဘရီဂက်စ်၊ လီယွန်နယ်လ် မက်ဆီ၊ ရှာဗီဟာနန်ဒက်ဇ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ဆာဂျီယို ဘုရှ်ကွက်စ်၊ အက်ဒရီယာနို၊ ဂျော်ဒီအယ်လ်ဘာ၊ ဟာဗီးယား မာရှေယာနို၊ ဒန်နီရယ်လ် အဲလ်ဗက်စ်တို့ဖြင့် ပွဲထွက်လာခဲ့သည်။ ရီးယဲလ်တွင်မူ ကီရင်ဘန်ဇီးမား၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ မီဆွတ်အိုဇေးလ်၊ အိန်ဂျယ်လ် ဒီမာရီယာ၊ ရှာဘီအလွန်ဆို၊ ဆမ်မီခီဒီရာ၊ မာဆယ်လို၊ ဆာဂျီယိုရာမို့စ်၊ ပီပီ၊ အယ်လ်ဗာရို အာဘီလိုအာတို့ ပါဝင် ကစားခဲ့သည်။ပွဲချိန် (၁၂)မိနစ်တွင် ဘန်ဇီးမား လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့သော်လည်း ဂိုးတိုင်အပြင်ဘက် ထွက်သွားခဲ့သည်။


ပွဲချိန် (၁၉)မိနစ်တွင် ရီးယဲလ်ခံစစ်မှူး ရာမို့စ် ခေါင်းတိုက်ချက်လည်း ဂိုးမရခဲ့ပြန်ချေ။ (၂၃)မိနစ်တွင် ရော်နယ်လ်ဒိုက ရီးယဲလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူသည်။ ခီဒီရာထံမှ ဘောလုံးကို ဘန်ဇီးမားက လက်ခံယူပြီး ဘယ်ဘက်မှ ပြေးတက် လာသော ရော်နယ်လ်ဒို၏ ပြေးလမ်းထဲ ချပေးလိုက်ရာ ပေါ်တူဂီ တိုက်စစ်မှူးက အနီးတိုင်ထောင့်ထဲ အပြင်း ကန်ထည့်သွားခဲ့သည်။ (၂၅)မိနစ်တွင် ခီဒီရာ ထုတ်ပေးသော ဘောလုံးကို ဘန်ဇီးမား ကန်သွင်းသော်လည်း တိုင်ထိထွက်သွားသဖြင့် ဘာစီလိုနာတို့ သက်သာရာ ရခဲ့သည်။ ပွဲချိန် မိနစ်(၃၀)တွင်မူ ပက်ဒရို ညာခြမ်းမှ ဖြတ်ပို့သော ဘောလုံးကို ရီးယဲလ်ခံစစ်ကြောင်းက ရှင်းထုတ်ပုံ မပြတ်သားသဖြင့် ဂိုးရှေ့ ပြန်ကျလာရာ ကွင်းလယ်မှ ပြေးတက်လာသည့် မက်ဆီက ဂိုးသမား ကားဆီးလက်စ်နှင့် အနီးကပ် အနေအထားမှ အသာပိတ်သွင်းယူခဲ့သည်။ ပထမပိုင်း အပြီးတွင် (၁)ဂိုးစီ သရေသာ ဖြစ်နေသည်။

ဒုတိယပိုင်း (၆၁)မိနစ်တွင် ဘာစီလိုနာအတွက် မက်ဆီက ဦးဆောင်ဂိုး သွင်းယူသည်။ ယင်းကို အာဂျင်တီးနား တိုက်စစ်မှူးက ပြစ်ဒဏ်ဘောမှ တစ်ဆင့် လှပ တိကျစွာဖြင့် ဂိုးတိုင်ထောင့်ထဲ ဘောလုံး အရောက်ပို့ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း (၅)မိနစ် အတွင်း ရော်နယ်လ်ဒိုက ရီးယဲလ်အတွက် ချေပဂိုး ပြန်လည် ရယူပေးခဲ့သည်။ အိုဇေးလ် ပါးနပ်စွာ ချပေးလိုက်သော ဘောလုံးကို ရော်နယ်လ်ဒိုက အမှားအယွင်း မရှိ ကန်သွင်းပြီး (၂)ဂိုးစီ သရေ ဖြစ်လာသည်။ (၆၉)မိနစ်တွင် အယ်လ်ဘာ ပေးပို့သော ဘောလုံးကို မက်ဆီ ကန်သွင်းရန် ကြိုးစားသော်လည်း ဂိုးတိုင်ဘေးမှ ထွက်သွားသည်။ ပွဲချိန် (၈၉)မိနစ်တွင် ဘာစီလိုနာ လူစားဝင် ကစားသမား မာတင်မွန်တိုယာ၏ ဧရိယာအပြင်ဘက်မှ အားပါပြင်းထန်သော ကန်ချက် ဂိုးဘားတန်း ထိထွက်သွားသည်။ ပွဲပြီးခါနီးတွင် ဖိကစားလာသော ဘာစီလိုနာ အတွက် ပက်ဒရို အခွင့်အရေး တစ်ကြိမ် ရခဲ့သော်လည်း ဂိုးပေါက်လွဲသဖြင့် နူးကမ့်မှ ဘီလူးကြီးနှစ်ကောင်၏ အားပြိုင်ပွဲသည် အနိုင်အရှုံး မရှိဘဲ ဇာတ်သိမ်းခဲ့သည်။

0 comments:

Post a Comment