468x60 Ads

Monday, October 8, 2012

လူထုပုံရိပ် ဂျာနယ် အတွဲ(၁)၊ အမှတ်(၁)ပါ မောင်ဝင်းသူအား အတင်းအကျပ် တပ်မတော် တွင်းသို့ ဝင်ရောက်ရန် ခြိမ်းခြောက် သူများအား ဖော်ထုတ် ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၇
၂ဝ၁၂ ခုနှစ်  စက်တင်ဘာ  ၂၈ ရက်ကထုတ်ဝေသည့်  လူထုပုံရိပ်ဂျာ နယ် အတွဲ(၁)၊ အမှတ်(၁)၊ စာမျက်နှာ (၁၉)တွင် မေးမြန်းသူ တင်မောင်ထွေး၏ ''မီးရထား လာနေသော သံလမ်းပေါ် ကိုယ်တုံးလုံးချွတ် ဝမ်းလျားမှောက် ခိုင်းပြီး အဓမ္မ စစ်ထဲ ဝင်ရန် စေခိုင်း ခံရသော လူငယ် တစ်ဦးနှင့် တွေ့ဆုံခြင်း'' တွင် ပါဝင်သည့် ဖြစ်စဉ်၌ ပါဝင် ကျူးလွန်သူ များအား တပ်မတော်နှင့် မြန်မာ နိုင်ငံရဲ တပ်ဖွဲ့ဝင်များ ပူးပေါင်း ရှာဖွေခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်သည့် အညာသား (ခေါ်)ချစ်ကိုထွန်း (ခေါ်) သိန်းထိုက်ငြိမ်း အား ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၈ ရက်က  ဖမ်းဆီး ရမိခဲ့သည်။ စစ်ဆေးချက် အရ အညာသားသည် တပ်သား အဆင့်ဖြင့် ၂ဝ၁ဝပြည့်နှစ် သြဂုတ် ၂၉ရက်က လားရှိုးမြို့ နယ်မြေခံ တပ်ရင်းတွင် စတင် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ဇူလိုင်လတွင် ၎င်းတပ်ရင်းမှ စစ်ပြေး ဖြစ်ခဲ့သူ ဖြစ်ကြောင်း ၊ မြင်းခြံ၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူးတို့တွင် စစ်ပြေးဘဝနှင့် ကျပန်း အလုပ် လှည့်လည် လုပ်ကိုင်ခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် ကတုံး(ခေါ်) နိုင်မျိုးထွန်းနှင့် ဆက်သွယ်မိ၍ ဒုစရိုက်မှုများ ကျူးလွန် ခဲ့ကြောင်း၊ ဖြစ်စဉ် ဖြစ်သည့် သြဂုတ် ၂ဝ ရက်က အညာသား၊ ကတုံးနှင့် အပုလေး(စိစစ်ဆဲ) တို့သည် ပုဇွန်တောင် ဘူတာ အကျော် ခုံးတံတား အောက်တွင် မဖွယ်မရာ ပြုလုပ်နေသည့် ဂျာနယ်တွင် အမေးခံခဲ့ရသူ မောင်ဝင်းသူနှင့် အမျိုးသမီး တစ်ဦးအား တွေ့ရှိခဲ့ကြောင်း၊ အမျိုးသမီးအား မောင်ဝင်းသူက ဆိုက်ကားငှား၍ ပြန်ခိုင်း ခဲ့ကြောင်း၊ အညာသားက မောင်ဝင်းသူအား ငွေညှစ်ခြိမ်း ခြောက်ခြင်း ပြုလုပ်ခဲ့ရုံမက ကတုံး(ခေါ်) နိုင်မျိုးထွန်းကလည်း တပ်ထဲ မဝင်ပါ က ခြေထောက်ကို ရထားဖြင့် ကြိတ်ပစ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်၍ ရထားလမ်းပေါ် မှောက်ခိုင်းခြင်း၊ တုတ်နှင့် ရိုက်ခြင်း ပြုလုပ် ရာ နောက်ဆုံး မောင်ဝင်းသူက တပ်ထဲဝင်မည်ဟု ပြောခဲ့ရကြောင်း၊ မောင်ဝင်းသူက တပ်ထဲဝင် ပါမည်ဟု ကတိပေးသဖြင့် အမှတ် (၂) ဆက်သွယ်ရေး တပ်ရင်းမှ ကိုယ်ပိုင်အမှတ် ၄၉၁၃၇၅ တပ်ကြပ်ကြီး လှမောင်သိန်းထံ ပို့ဆောင်ခဲ့ ကြောင်း၊ တပ်ကြပ်ကြီး လှမောင်သိန်းက အညာသားနှင့် ကတုံးတို့အား  မသင်္ကာသဖြင့် မောင်ဝင်းသူအား  စိစစ်မေးမြန်း ကြည့်ရာ ၄င်းက တပ်ထဲ ဝင်ရန် ဆန္ဒမရှိကြောင်း ပြော သဖြင့် လမ်းစရိတ် ငွေကျပ် ၅ဝဝ ပေး၍ ပြန်လွှတ် ခဲ့ကြောင်း ဖော်ထုတ်ရရှိပြီး ကျန်တရားခံ နှစ်ဦး ဖမ်းဆီး ရမိရေး ဆက်လက် စုံစမ်း ဖော် ထုတ် လျက်ရှိကြောင်း သိရှိရသည်။
တပ်မတော် အနေဖြင့် ILO, UNI-CEF, World Vision, UNDP, UNHCR, UNOCHA, Save the Children  တို့  ပါဝင်ဖွဲ့စည်း ထားသည့် CTFMR အဖွဲ့နှင့် ''အရွယ် မရောက်သေးသည့် ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်း သိမ်းရေး ကော် မတီ''ပူးပေါင်း၍ တပ်သားသစ် စုဆောင်းရေးနှင့် အဓမ္မလုပ်အားပေး စေခိုင်းမှု မရှိစေရေးကို သတ် မှတ်စည်းမျဉ်း များနှင့် အညီတိကျစွာပူး ပေါင်းဆောင် ရွက်လျက် ရှိသည်။ တပ်သားသစ် စုဆောင်းရေး ကိုလည်း ၁၈ နှစ်ပြည့်ပြီး ကိုယ်တိုင် ဆန္ဒပြုသူမှသာ တပ်မတော်သား တစ်ဦးတွင် ရှိသင့်သည့် အရည်အချင်း များနှင့်အညီ ရှိ၊ မရှိ မျက် မြင် ၁၃ ချက်ဖြင့် စစ်ဆေး ပြီးမှသာ ဝင်ရောက် ခွင့် ပြုလျက်ရှိသည်။
တပ်မတော်မှ တပ်သားသစ် စုဆောင်းရေးကို သတ်မှတ် စည်းမျဉ်း များနှင့်အညီ ဆောင်ရွက် လျက်ရှိပြီး ဥပဒေမဲ့ပြုသူ များအား မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖော်ထုတ် လျက်ရှိသော်လည်း အထက်ပါဖြစ်စဉ်တွင် ခြိမ်းခြောက် ခံရသူ မောင်ဝင်းသူသည် ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် သာယာကုန်း ရပ်ကွက် NLD ပါတီရုံးသို့ တိုင်ကြားရာ ရုံးတာဝန်ခံ အောင်ငြိမ်းချမ်းမှ စီမံပေး မှုဖြင့် NLD ရုံးချုပ်၏ ရှေ့နေ သက်ဝေ (ခေါ်)ပေါက်စ နေအိမ်၌ စက်တင်ဘာ ၂၃ ရက်  နံနက် ၈ နာရီခွဲက တွေ့ဆုံခဲ့ ရာ ILO သို့  တိုင်ကြား ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စက်တင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ ရန်ကုန်တိုင်း(မ်)၊ ဗီးနပ်၊ လူထုပုံရိပ်၊ ဒီဗွီဘီ ဂျာနယ်များနှင့် သက်ဝေ (ခေါ်) ပေါက်စက တွေ့ဆုံ ပေးခဲ့ကြောင်း၊ ၎င်းနေ့ ညနေ ၃ နာရီတွင် ILO ရုံးသို့ သွားရောက် တိုင်ကြားရာ ILO ရုံး တာဝန်ရှိသူ တစ်ဦးက စစ်တပ်ထဲ အမှန်တကယ် မဝင်ရောက် ခဲ့သေးသည့် အတွက် အရေးယူ၍ မရကြောင်း ပြန်ကြားခဲ့ သည်ဟု ဖော်ထုတ် ရရှိသည်။ အညာသား(ခေါ်) သိန်းထိုက်ငြိမ်း၏ ထွက်ဆိုချက်နှင့် မောင်ဝင်းသူ၏ ပြောကြားချက် တိုက်ဆိုင် စိစစ်ရာ မောင်ဝင်းသူက သြဂုတ် ၂၁ ရက် နံနက် ၄ နာရီခွဲက သူငယ်ချင်း တစ်ယောက်နှင့် ရထားစောင့်ဆိုင်း နေကြောင်း ထွက်ဆို ခဲ့သော်လည်း အညာသားက သြဂုတ် ၂ဝ ရက် ည၁၁ နာရီခန့်က ပုဇွန်တောင် ဘူတာ အကျော် ခုံးကျော်တံတား အောက်တွင် အမျိုးသမီး တစ်ဦးနှင့် မဖွယ်မရာပြုလုပ်နေ သူ မောင်ဝင်းသူအား တွေ့ရှိကြောင်း ထွက်ဆိုချက် နှစ်ခုမှာ ကွဲလွဲ ထွက်ဆို ထားကြောင်း ဖော်ထုတ်ရရှိသည်။
သို့ဖြစ်၍ တင်မောင်ထွေး အမည်ဖြင့် Interview မေးမြန်း ခဲ့သည့် လူထုပုံရိပ် ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁)ပါ ဖော်ပြချက် များမှာ တပ်မတော်နှင့် သက်ဆိုင်ခြင်း မရှိသော ဒုစရိုက်မှု ကျူးလွန်သည့် အရပ်သားတစ်စု၏ ဆောင်ရွက် ချက်သာ ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် ပါဝင်ပြီး ဖမ်းဆီးရမိ အညာသား(ခေါ်) သိန်းထိုက်ငြိမ်းအား တရားဥပဒေနှင့် အညီ အရေးယူ သွားမည်ဖြစ်ပြီး ကျန်တရားခံ နှစ်ဦးဖြစ်သည့် ကတုံးနှင့် အပုလေးတို့အား ဖော်ထုတ် ဖမ်းဆီး ရမိရေး ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment